NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် အစိုးရနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အများပြည်သူ ပိုင်အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲ ဖျက်ဆီးခြင်းအား မလိုလားသော ပြည်သူများ၏သတင်းပေး ပူးပေါင်းဆောင်ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့က မင်္ဂလာဒုံမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လုပ်ကြံရေးသမား များဖြစ်သော ဇေယျာဝင်း(၂၀)နှစ်၊ နိုင်အောင်ထွန်း(ခ)ဒဿ(၁၉)နှစ်၊ ရဲဇော်လင်း(ခ) စကိတ်(၂၂)နှစ်၊ တင်ကိုကို(၅၆)နှစ်၊ အောင်ကိုကို(၂၅)နှစ်နှင့် တရားခံများအား ထွက်ပြေးတိမ်းရှောင်နိုင်ရန် ကူညီပေးခဲ့သည့် ခင်မြ(ခ)ခင်ဌေး(၅၅)နှစ်၊ တင်တင်မော် (၄၅) နှစ်၊ သင်းရနံ့လှိုင်(ခ)ဖြူဖွေး(၁၆)နှစ်တို့ ၈ ဦးအား မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာ အုပ်စု၊ (၁)ရပ်ကွက်၊ နှင်းဆီလမ်းရှိ နေအိမ် ၁ လုံး၌ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ-
- ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားခံ နိုင်အောင်ထွန်း(ခ)ဒဿ၊ ရဲဇော်လင်း (ခ)စကိတ်၊ အောင်ကိုကိုနှင့် ဖမ်းဆီးရန်ကျန်တရားခံ စိုးမင်းစံ၊ ချစ်ဖြိုးဝေ(ခ) ဆံရှည်တို့ ၅ ဦးသည် မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ကျေးရွာနေ NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်၏ ချိတ်ဆက်ပေးမှုဖြင့် KNLA တပ်မဟာ(၆)နယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက် ရောက်ခဲ့ကြောင်း။
- အကြမ်းဖက်သင်တန်းဆင်းပြီးနောက် နိုင်အောင်ထွန်း(ခ)ဒဿ၊ ရဲဇော်လင်း(ခ) စကိတ်၊ အောင်ကိုကို၊ စိုးမင်းစံ၊ ချစ်ဖြိုးဝေ(ခ)ဆံရှည် တို့သည် NLD ရပ်/ကျေး ဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်နှင့် တင်ကိုကိုတို့၏ စီစဉ်ပေးမှုဖြင့် မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာအုပ်စု၊ (၁)ရပ်ကွက်၊ နှင်းဆီလမ်းရှိ နေအိမ် ၁ လုံး အား ငှားရမ်းနေထိုင်ကာ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ အုပ်ချုပ်ရေးယန္တရား၏ အဓိကဒေါက်တိုင်ဖြစ်သော ရပ်/ကျေး အဆင့်အုပ်ချုပ်ရေးမှူးများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း။
- ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့် ခေါင်းဆောင်၍ ဇေယျာဝင်း၊ နိုင်အောင်ထွန်း(ခ)ဒဿ၊ အောင်ကိုကိုနှင့် ဖမ်းဆီးရန်ကျန်တရားခံ စိုးမင်းစံ၊ ချစ်ဖြိုးဝေ(ခ)ဆံရှည်တို့ ၆ ဦးသည် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်ဟေမာလွင်တို့အား ကလေးများကျောင်းပို့ချိန်တွင် လုပ်ကြံသတ်ဖြတ်ရန် Signal မှတစ်ဆင့် တွေ့ဆုံ၍ လုပ်ကြံရေးအစီအစဉ်များရေးဆွဲခဲ့ပြီး တာဝန်ခွဲဝေခဲ့ကြောင်း။
- ဩဂုတ်လ ၂ ရက် ၀၈၀၀ နာရီခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့သည် ကလေးငယ် ၂ ဦးအား ကျောင်းပို့ရန် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် အုပ်ချုပ်ရေးမှူး၏နေအိမ်အနီး ကွမ်းယာဆိုင်ရှေ့၌ ဇေယျာဝင်းမှ မော်တော် ယာဉ်ရှေ့သို့ လက်လုပ်မိုင်း ၁ လုံး ပစ်ခတ်ဖောက်ခွဲ ၍ ရပ်တန့်စေခဲ့ပြီး နိုင်အောင်ထွန်း(ခ)ဒဿမှ ဒေါ်ဟေမာလွင်အားလည်းကောင်း၊ စိုးမင်းစံမှ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းအားလည်းကောင်း ပစ္စတိုဖြင့် ၅ ချက်စီ မသေမချင်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။
- ဇေယျာဝင်းသည် ကားနောက်ခန်းတွင် လိုက်ပါလာသည့် ကလေးငယ် ၂ ဦး အား အသက်ရှင်လျက်တွေ့ရှိရသောကြောင့် ရက်စက်ယုတ်မာသော အကြံအစည်ဖြင့် Remote လက်လုပ်မိုင်း ၁ လုံးအား ကားအတွင်း၌ထား၍ ဖောက်ခွဲ ရန်စီစဉ်ခဲ့ကြောင်း။
- ထိုကဲ့သို့ ဖောက်ခွဲရန်စီစဉ်ခဲ့သော်လည်း ဖြစ်စဉ်ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကားအတွင်းမှ Remote လက်လုပ် မိုင်းအား သက်မဲ့ပြုလုပ်နိုင်ခဲ့သဖြင့် ကလေးငယ် ၂ ဦးအား အချိန်မီကယ်တင် နိုင်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့။
- အောင်ကိုကိုမှ အုပ်ချုပ်ရေးမှူး၏ နေအိမ်အား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး အဆိုပါလုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်အား ချစ်ဖြိုးဝေ(ခ) ဆံရှည်မှ ဖုန်းဖြင့် မှတ်တမ်းတင်ရိုက်ကူးခဲ့ကာ ၎င်းတို့ငှားရမ်းနေထိုင်သည့် နေအိမ်သို့ထွက်ပြေးတိမ်းရှောင်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်၏စေခိုင်းမှုဖြင့် မင်္ဂလာဒုံမြို့နယ်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု (၂)ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
- ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စု၊ မြရတနာရပ်ကွက်၊ နှင်းဆီပတ်လမ်း၌ အုပ်ချုပ်ရေးမှူး ဦးနေလင်းနှင့် ရာအိမ်မှူး ဦးရဲသွင်တို့ ၂ ဦးအား ဇေယျာဝင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ အာကာဝင်း၊ မင်းမင်းဇော်၊ ကိုတူး(ခ) သားကြီး တို့က ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာ ဦးနေလင်း သေဆုံးခဲ့ပြီး ဦးရဲသွင်မှာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း။
- ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ဂူကြီးကုန်းကျေးရွာရှိ ရွာလယ်လမ်းမပေါ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် ကောင်းမြင့်ဝင်း(ခ) ကိုနီအား ဒလန်ဟုစွပ်စွဲကာ ဇေယျာဝင်းနှင့် ဖမ်းဆီးရန်ကျန်တရားခံ အာကာဝင်းတို့က ဆိုင်ကယ် ၁ စီးဖြင့် အနောက်မှလိုက်၍ ပစ္စတိုဖြင့်ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်တိမ်းမှောက်စဉ် ကောင်းမြင့်ဝင်း(ခ)ကိုနီအား ဝါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခဲ့ကြောင်း။
- အဆိုပါအပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန်အတွက် ကုန်းတလပေါင် ကျေးရွာ NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်က စေခိုင်းခဲ့ခြင်း ဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးနေလင်းအား လုပ်ကြံသတ်ဖြတ်မှုအတွက် ငွေကျပ် ၃၀,၀၀၀၊ ကောင်းမြင့်ဝင်း(ခ)ကိုနီအား လုပ်ကြံ သတ်ဖြတ်မှုအတွက် ငွေကျပ် ၅၀,၀၀၀ နှင့် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းနှင့်ဇနီးဖြစ်သူ ဒေါ်ဟေမာလွင်တို့အား လုပ်ကြံသတ်ဖြတ်မှုအတွက် ငွေကျပ် ၁၂၀,၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် လိုအပ်သည့် လက်နက်/ခဲယမ်းများကိုလည်း ငှားရမ်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရ။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၈-၂၀၂၂)
- လုံခြုံရေးပူးပေါင်းအဖွဲ့က မင်္ဂလာဒုံမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လုပ်ကြံရေးသမား ၈ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့။
- ဖမ်းဆီးရမိတရားခံများသည် NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်၏ စေခိုင်းမှုဖြင့် မင်္ဂလာဒုံမြို့နယ်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု (၂)ကြိမ် ကျူးလွန်ခဲ့။
- အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန်အတွက် ကုန်းတလပေါင်ကျေးရွာ NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်က စေခိုင်းခဲ့ခြင်းဖြစ်ပြီး ငွေကြေးများထောက်ပံ့ကာ လိုအပ်သည့် လက်နက်/ခဲယမ်းများကိုလည်း ငှားရမ်းပေးခဲ့။
Add new comment