နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၄ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-

  • ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ။
  • ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာတွေးခေါ်ပြောဆိုပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များနှင့် လိုအပ်ချက်များကို ပြောဆိုနိုင်သည်ဖြစ်သော်လည်း ဥပဒေနှင့်အညီ ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့်သာ ဆွေးနွေးဆောင်ရွက်ရမည်ဖြစ်သည့်အခြေအနေများ။
  • ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်လာရမည် ဖြစ်သည့်အခြေအနေများ။
  • ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည်ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင် ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွား ကြရန်လိုသည့်အခြေအနေများ။
  • ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ(၁)နှင့် အဖွဲ့ဝင်များက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများတွင်  တက်ကြွစွာဖြင့် ဆက်လက်ပါဝင်သွားမည်ဖြစ်သည့်အခြေအနေများ၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မည်ဖြစ်သည့်အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက်သူ(Guardian) အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုင်းရင်းသားအဖွဲ့များ အနေဖြင့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်အခွင့်အရေးကို ရရှိရန်အတွက် တရားဥပဒေနှင့်အညီ၊ စည်းကမ်းနှင့်အညီ၊ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုသည့်အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ(၁) နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်နှင့် ဗဟိုကော်မတီဝင် စဝ်နော်လိတ်တို့ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကြောင့် (SSPP) မှ ဒုတိယဥက္ကဋ္ဌ (၁) ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၃ ရက်တွင် နေပြည်တော်ရှိ Horizon Lake View Resort သို့ ရောက်ရှိခဲ့ပြီး အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊  ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရစသည့်စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များကို ကိုင်ဆောင်၍လည်းကောင်း ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၈-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ() စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့။
  • ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာတွေးခေါ်ပြောဆိုပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များနှင့် လိုအပ်ချက်များကို ပြောဆိုနိုင်သည်ဖြစ်သော်လည်း ဥပဒေနှင့်အညီ ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့်သာ ဆွေးနွေးဆောင်ရွက်ရမည်။
  • ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်လာရမည်ဖြစ်။
  • ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများတွင်  တက်ကြွစွာဖြင့် ဆက်လက်ပါဝင်သွားမည်ဖြစ်။
  • တပ်မတော်သည် တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက်သူ (Guardian) အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိ၊ တိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်အခွင့်အရေးကိုရရှိရန်အတွက် တရားဥပဒေနှင့်အညီ၊ စည်းကမ်းနှင့်အညီ၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်လို။

Add new comment