ပြည်မြို့နယ်၊ မှော်ဇာရွာမကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှော်ဇာ၌ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်တစ်ဦးအား အကြမ်းဖက်တိုက်ခိုက်

အကြမ်းဖက်အဖွဲ့များအနေဖြင့် အမှားအမှန်ခွဲခြားသိမြင်နိုင်မှု နည်းပါးသေးသည့် အသက်ငယ်ရွယ်သူများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စည်းရုံးမက်လုံးပေးသိမ်းသွင်းခြင်းများပြုလုပ်၍ အကြမ်းဖက်လုပ်ရပ်များကို စေခိုင်းလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာရွာမကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ) မှော်ဇာတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိစဉ် မှော်ဇာရွာမကျေးရွာနေ အောင်မြင့်မြတ် (၁၄) နှစ်က အရိုး ၃ လက်မခန့်၊ အသွား ၈ လက်မခန့်၊ အနံ ၁ ဒသမ ၅ လက်မခန့်ရှိ စကေဘာဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား နောက်ကျောမှနေ၍ အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ အနက် ၃ လက်မခန့် ထိုးသွင်းဒဏ်ရာရရှိခဲ့ပါသည်။ ကျန်လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်တိုက်ခိုက်သူ အားဖမ်းဆီးစဉ် ခုခံထွက်ပြေးသွားသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာကျောင်း၏ အနောက်ဘက် မီတာ ၁၀၀ ခန့် အကွာ၌ ဒဏ်ရာနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်တွင် ဒဏ်ရာရလုံခြုံရေးတပ်ဖွဲ့ဝင်နှင့် အကြမ်းဖက်သူတို့အား တပ်မတော်ဆေးရုံသို့ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး အကြမ်းဖက်တိုက်ခိုက်သူအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။ အထက်ပါဖြစ်စဉ်မျိုး ထပ်မံမဖြစ်စေရေးအတွက် အုပ်ထိန်းသူ မိဘ၊ ဆရာများက မိမိရင်သွေးငယ်များ လမ်းမှားပေါ်မရောက်ရှိစေရေး ဝိုင်းဝန်းတားဆီးဆောင်ရွက်ရန်လိုအပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၈-၂၀၂၂)

  • ပြည်မြို့နယ်၊ မှော်ဇာရွာမကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှော်ဇာတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား မှော်ဇာရွာမကျေးရွာနေ အောင်မြင့်မြတ် (၁၄)နှစ်က အရိုး ၃ လက်မခန့်၊ အသွား ၈ လက်မခန့်၊ အနံ ၁ ဒသမ ၅ လက်မခန့်ရှိ စကေဘာဖြင့် နောက်ကျောမှနေ၍ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ အနက် ၃ လက်မခန့် ထိုးသွင်းဒဏ်ရာရရှိခဲ့။

Add new comment