NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အကြမ်းဖက်သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့အား အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာ ရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ် များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိပါသည်။
ဩဂုတ်လ ၂ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တုံးမဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အထွေထွေဝန်ထမ်း ဦးဗဒူ (၅၀) နှစ်သည် အဆိုပါကျောင်း၌ ပညာသင်ကြားနေသည့် ရီးမဝကျေးရွာမှ ကျောင်းသူ၊ ကျောင်းသား ၇ ဦးတို့အား ၎င်းမောင်းနှင်သည့် စက်လှေဖြင့်တင်ဆောင်၍ ရီးမဝကျေးရွာသို့ လိုက်ပါပို့ဆောင်ရာ ရီးမဝကျေးရွာသို့မရောက်မီ ၂ ဖာလုံခန့်အကွာ၌ ကုလားတန်မြစ်၏ ညာဘက်မြစ်ကမ်းပေါ်မှ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပါသည်။
အဆိုပါပစ်ခတ်မှုကြောင့် စက်လှေမောင်းနှင်လာသည့် ဦးဗဒူတွင် ဝဲလက်ကောက်ဝတ်နှင့် လည်ပင်းကျည်ရှပ်ထိဒဏ်ရာ ၁ ချက်၊ မခင်သီတာ (၁၄) နှစ် (ဘ) ဦးတနင်္လာ၏ ဝဲ/ယာ ခြေထောက်နှစ်ချောင်း၌ ကျည်ထိမှန်ဒဏ်ရာများ၊ မောင်အောင်လင်းဝင်း (၁၁) နှစ် (ဘ) ဦးလင်းအောင်တွင် ကျောကျည်ရှပ် ထိဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး မောင်နေမင်းထွန်း (၁၁)နှစ် (ဘ) ဦးအောင်ဖာနှင့် မောင်သန်းမြင့် (၁၁)နှစ် (ဘ) ဦးထွန်းလှအောင်တို့ ၂ ဦးတွင် နောက်ကျောကျည်ထိမှန် ဒဏ်ရာအသီးသီးရရှိကာ သေဆုံးခဲ့ပါသည်။
၎င်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၈-၂၀၂၂)
- ဩဂုတ်လ ၂ ရက်တွင် အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ်ရှိ တုံးမဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အထွေထွေဝန်ထမ်း ဦးဗဒူ အပါအဝင် မခင်သီတာ (၁၄) နှစ်နှင့် မောင်အောင်လင်းဝင်း (၁၁) နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မောင်နေမင်းထွန်း (၁၁) နှစ်နှင့် မောင်သန်းမြင့် (၁၁) နှစ်တို့တွင် နောက်ကျောကျည်ထိမှန် ဒဏ်ရာအသီးသီးရရှိကာ သေဆုံးခဲ့။
Add new comment