ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကျင်းပ

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ဩဂုတ်လ ၃ ရက်တွင် နေပြည်တော်ရှိ  နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။

အစည်းအဝေး၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ  ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌက-

  • ကချင်ပြည်နယ်တွင် ကူညီလှူဒါန်းငွေများဖြင့် မြစ်ကြီးနားနှင့်  ဝိုင်းမော်မြို့နယ်တို့တွင် တိုက်ပွဲရှောင်များပြန်လည်နေရာချထားရေးအတွက် နေအိမ် ၈၈ လုံး ဆောက်လုပ်ပြီး ၂၅ လုံး ပြုပြင်ပေးခဲ့ကာ မြစ်ကြီးနား၊ မိုးမောက်၊  မံစီ၊ ပူတာအိုနှင့်  ချီဖွေမြို့တို့တွင် စုစုပေါင်းနေအိမ် ၅၉၅ လုံး ဆောက်လုပ်ပြီးစီးခဲ့ကြောင်း။
  • ကရင်ပြည်နယ်၊ လှိုင်းဘွဲ့နှင့် မြိုင်ကြီးငူဒေသရှိ စခန်းနှစ်ခုပိတ်သိမ်းကာ အိမ်ထောင် စု  ၄၆၃  စုကို ပြန်လည်နေရာချထားပေးနိုင်ခဲ့ကြောင်း။
  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌  အိမ်ထောင်စု ၈၉၁ စုအတွက်  ငွေကျပ် ၄၁၈ သန်းကျော်ထောက်ပံ့၍  နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိပြီး ထပ်မံ၍  အိမ်ထောင်စု ၅၀၀ အတွက် ငွေကျပ် ၂၃၆ သန်းကျော်ထောက်ပံ့ပြီး ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားရှိကြောင်း။
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ အိမ်ထောင်စု ၃၂၃ စု၊ မင်းပြားမြို့နယ်၊ ဖားပြို(ရခိုင်)ကျေးရွာမှ အိမ်ထောင်စု ၈၂ စု၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံးစခန်းမှ အိမ်ထောင်စု ၃၆၈ စုတို့ကို နေအိမ်များပြန်လည်တည်ဆောက်ပြုပြင်၍ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊  ကျေးရွာအဝင်လမ်းပြုပြင်ခြင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးပေးခန်းနှင့် စာသင်ကျောင်းများဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း။
  • ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ ပင်လုံနှင့် ချောင်းဆာကျေးရွာအုပ်စုတို့မှ မီးလောင်ပျက်စီးသောနေအိမ် ၁၂၇ လုံးအတွက် သတ်မှတ်နှုန်းထားများအလိုက်   ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး မန်တုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ  စခန်းနှစ်ခုအတွက်  တန်ဖိုးနည်းနေအိမ်  ၅၇ လုံး တည်ဆောက်ရန် မြေနေရာများဖော်ထုတ်ခြင်း၊  နေအိမ်ဆောက်လုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ သောက်သုံးရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း။
  • ၂၀၂၁ ခုနှစ်၊ မတ်လမှ ၂၀၂၂ ခုနှစ်၊ ဇွန်လကုန်အထိ တစ်နှစ်နှင့် သုံးလတာကာလအတွင်း အိမ်ထောင်စု ၈,၈၆၂ စု၊ လူဦးရေ ၄၀,၉၀၃ ဦးတို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ကြောင်း၊ လာမည့်ပွင့်လင်းရာသီတွင် IDP  နှင့် တိုက်ပွဲရှောင်များကို မူလ နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အမျိုးသားအဆင့်ကော်မတီဒုတိယဥက္ကဋ္ဌ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှု၊ IDP Camp များနှင့် တိုက်ပွဲရှောင်စခန်းများတွင်  အချက်အလက်ကောက်ယူခြင်းနှင့် လူမှုရေးဆိုင်ရာပံ့ပိုးမှု၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက်  လတ်တလောဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများ၊ နေရပ်စွန့်ခွာသူများနှင့် ဘေးသင့်ပြည်သူများအတွက် လတ်တလောလိုအပ်သည်များ  ထောက်ပံ့ကူညီပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အဆင့်ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၈-၂၀၂၂)

  • ကချင်ပြည်နယ်တွင် တိုက်ပွဲရှောင်များပြန်လည်နေရာချထားရေးအတွက်  စုစုပေါင်း နေအိမ် ၇၀၈ လုံး ဆောက်လုပ်ပြီးစီးခဲ့။
  • ကရင်ပြည်နယ်၊ လှိုင်းဘွဲ့နှင့် မြိုင်ကြီးငူဒေသရှိ စခန်းနှစ်ခုပိတ်သိမ်းကာ အိမ်ထောင် စု  ၄၆၃  စုကို ပြန်လည်နေရာချထားပေးနိုင်ခဲ့။
  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌  အိမ်ထောင်စု ၈၉၁ စုအတွက်  ငွေကျပ် ၄၁၈ သန်းကျော်ထောက်ပံ့၍  နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိပြီး ထပ်မံ၍  အိမ်ထောင်စု ၅၀၀ အတွက် ငွေကျပ် ၂၃၆ သန်းကျော်ထောက်ပံ့ပြီး ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားရှိ။
  • ရခိုင်ပြည်နယ်တွင် စုစုပေါင်းအိမ်ထောင်စု ၇၇၃ စုတို့ကို နေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်၍ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊  ဆေးပေးခန်းနှင့် စာသင်ကျောင်းများဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့။
  • ရှမ်းပြည်နယ်၌ မီးလောင်ပျက်စီးသောနေအိမ် ၁၂၇ လုံးအတွက် သတ်မှတ်နှုန်းထားများအလိုက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး တန်ဖိုးနည်းနေအိမ် ၅၇ လုံး တည်ဆောက်ရန် မြေနေရာများဖော်ထုတ်ခြင်း၊  နေအိမ်ဆောက်လုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ လျှပ်စစ်မီးသွယ် တန်းခြင်း၊ သောက်သုံးရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့။
  • ၂၀၂၁ ခုနှစ်၊ မတ်လမှ ၂၀၂၂ ခုနှစ်၊ ဇွန်လကုန်အထိ တစ်နှစ်နှင့် သုံးလတာကာလအတွင်း အိမ်ထောင်စု ၈,၈၆၂ စု၊ လူဦးရေ ၄၀,၉၀၃ ဦးတို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်နေရာချထားပေးနိုင်ခဲ့၊ လာမည့်ပွင့်လင်းရာသီတွင် IDP နှင့် တိုက်ပွဲရှောင်များကို မူလနေရပ် ပြန်လည်ပို့ဆောင်နိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရန်လိုအပ်။

Add new comment