ရခိုင်ပြည်နယ်တွင် ဆင်ဖြူတော်ကြန်အင်လက္ခဏာ ၈ ချက်အနက် ၇ ချက်နှင့် ကိုက်ညီသည့် ဆင်ဖြူတော်(အထီး)ကလေး ၁ စီး ပေါ်ထွန်းကြောင်းနှင့် အဆိုပါ ဆင်ဖြူတော်လေးသည် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဩဂုတ်လ ၂ ရက် တွင် သတင်းထုတ်ပြန်ထားရှိပါသည်။
သတင်းထုတ်ပြန်ချက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ထူးခြားအသွင်သဏ္ဌာန်ရှိသည့် ဆင်ဖြူတော်(အထီး)ကလေး (၁) စီးအား ၂၃-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်း မင်္ဂလာအချိန် ၀၆:၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်ကလေးမှာ အရပ် အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကျောအလျား ၂ ပေ၊ အမြီးအလျား ၁ ပေ ၆ လက်မနှင့် မွေးဖွားစကိုယ်အလေးချိန် ၁၈၀ ပေါင်ခန့် ရှိပါသည်။
ရှေးသမိုင်းပညာရှိများ၏ မိန့်ဆိုချက်များအရ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများသည် မျက်လုံးပုလဲရောင်၊ ငှက်ပျောကိုင်းသဏ္ဍာန်ကျောကုန်း၊ အဖြူကဲ့သို့အမွေးရောင်၊ အမြီးမှာ တံခါးပိတ်လက်ဝါးပုံသဏ္ဌာန်၊ အရေပြားသြဇာကွက်၊ အသားအရေပန်းရောင်၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၅ ခုစီ ပါပြီး နားရွက်မှာ နားကြီးခြင်းတို့ရှိရမည်ဖြစ်ကြောင်း အချက် ၈ ချက်ဖြင့် ဖော်ပြထားပါသည်။
အထက်ဖော်ပြပါ ရခိုင်ပြည်နယ်တွင် ထပ်မံပေါ်ထွန်းသည့် ဆင်ဖြူတော်(အထီး) ကလေးသည် ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများအနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းတို့ကြောင့် ဆင်ဖြူတော်ကလေးမှာရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများနှင့် ကိုက်ညီမှုရှိကြောင်းနှင့် အချက် ၈ ချက်တွင် ၇ ချက် ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
ယခင်ပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၉ စီးတွင် ပထမဆုံးပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၁ စီးသာ ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီခဲ့ပြီး ကျန်ဆင်ဖြူတော် ၈ စီးမှာ အများဆုံး ၆ ချက်သာ ကိုက်ညီသည်ကို စိစစ်တွေ့ရှိရပါသည်။
ယခုပေါ်ထွန်းလာသည့် ဆင်ဖြူတော်ကလေးမှာ အသက် (၁၀) ရက်သားတွင် အရပ်အမြင့် ၂ ပေ ၅ လက်မခွဲခန့်နှင့် ကိုယ်အလေးချိန် ၁၉၀ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၈-၂၀၂၂)
- ရခိုင်ပြည်နယ်တွင် ထပ်မံပေါ်ထွန်းသည့် ဆင်ဖြူတော်(အထီး)ကလေးသည် ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်နှင့်ကိုက်ညီမှုရှိ။
- ယခင်ပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၉ စီးတွင် ပထမဆုံးပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၁ စီးသာ ကြန်အင်လက္ခဏာ ၇ ချက်နှင့်ကိုက်ညီခဲ့ပြီး ကျန်ဆင်ဖြူတော် ၈ စီးမှာ အများဆုံး ၆ ချက်သာ ကိုက်ညီသည်ကို စိစစ်တွေ့ရှိရ။
- ယခုပေါ်ထွန်းလာသည့် ဆင်ဖြူတော်ကလေးမှာ အသက် (၁၀) ရက်သားတွင် အရပ်အမြင့် ၂ ပေ ၅ လက်မခွဲခန့်နှင့် ကိုယ်အလေးချိန် ၁၉၀ ပေါင်ခန့်ရှိလာပြီး မိခင် ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ။
Add new comment