နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေးစကားပြောကြားပြီး ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊   အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည်  တာဝန်ရှိသူများလိုက်ပါ၍ ဇူလိူင် ၃၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များအား ပြင်ဦးလွင်မြို့တပ်နယ်ခန်းမ၌ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မင်းလတ်၊ မြို့တော်ဝန် ဦးကျော်ဆန်းတို့က  ပြင်ဦးလွင်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု၊ ဂဲလောင်းချောင်း ရေကြီးရေလျှံဖြစ်ပွားခဲ့မှု၊ ပျက်စီးဆုံးရှုံးမှုများ၊ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစသည့် အခြေအနေများအား ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက-

· ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်ကြီး ၂၁ ခုအနက် ၉ ခု ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ရာ ရေကျချိန်ကျန်ရှိခဲ့သည့် အမှိုက်သရိုက်နှင့် အနယ်အနှစ်များကို အမြန်ဆုံးရှင်းလင်းနိုင်ရေး မြို့နေပြည်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများ။

· မြို့ဧရိယာအတွင်း  ဂဲလောင်းချောင်းစီးဆင်းရာ ၂ မိုင်ခွဲအပါအဝင် BE FALL  အထိ ၇ မိုင်အရှည်အား တပ်မတော်သားများနှင့် ပူးပေါင်းကာ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရမည့် အခြေအနေများ။

· ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ကျောင်း၊ ဆေးရုံ၊  ခြံစည်းရိုးများနှင့် နေအိမ်အချို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ပြုပြင်ရေး အမြန်ဆုံးဆောင်ရွက်ရမည့်အခြေအနေများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတ်မှတ်ထားသောနှုန်းထားဖြင့် ထောက်ပံ့ပေးရန် လုပ်ဆောင်ရမည့်အခြေအနေများအား မှာကြားဆောင်ရွက်ပေးခဲ့ပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပျက်စီးမှုများဖြစ်ပွားခဲ့သည့် ပွဲကောက်ရေတံခွန် (BEFALL)၊ ကန်တော်လေးရေထွက်ပေါက်၊ ရေထိန်းတံခါး၊ ကန်တော်ကြီးအမှတ် ၄ ကန်နှင့် မြို့ပေါ်ရပ်ကွက်များအား လိုက်လံကြည့်ရှုကြပြီး ပြင်ဦးလွင်မြို့၊ အားကစားခန်းမ၌ ရေကြီးနစ်မြုပ်ဒဏ်ခံရသည့်  ရေဘေးသင့်ပြည်သူ ၂၅၀ ဦးခန့်အား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။ ထိုသို့အားပေးစကားပြောကြားရာတွင်-

· ယခုဖြစ်ပေါ်မှုသည် ပြင်ဦးလွင်မြို့တွင် နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့၍  ၈ နာရီခန့်အတွင်း မိုးရေချိန် ၁၀ ဒသမ ၄၇ လက်မအထိ ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း။ 

· မိမိအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား လာရောက်ခြင်းဖြစ်ပြီး တစ်ဖက်တွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအနေဖြင့်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း။

· ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်သည် မျှော်မှန်းရန်ခက်ခဲ၍ အစိုးမရသော်လည်း၊ မိမိတို့အစိုးရအနေဖြင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးအတွက် အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်း။

· ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဂဲလောင်းချောင်းရေကြီးမှုသည် အိုးအိမ်အချို့နှင့် အုပ်ချုပ်မှု၊ ကျောင်းတို့၏ ခြံစည်းရိုးအချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၄၀၀ ကျော်ခန့်ကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ကယ်ဆယ်ပေးခဲ့ရကြောင်း။

· ဂဲလောင်းချောင်း ရေကြီးရေလျှံမှုကို ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၁ ရက် နံနက် ၉ နာရီအထိ အချိန်တိုအတွင်း မူလအခြေအနေရောက်ရှိအောင် ဆောင်ရွက်နိုင်မှုသည် တာဝန်ရှိဌာနဆိုင်ရာများ ပေါင်းစပ်၍ ကန်တော်ကြီး၊ ကန်တော်လေးရေလှောင်တမံများ စနစ်တကျ ရေထိန်းသိမ်းမှု၊ ရေပိုလွှဲစနစ်များကောင်းမွန်မှုနှင့် ဂဲလောင်း ချောင်းအား ရေစီးရေလာကောင်းမွန်အောင် ကြိုတင်ဆောင်ရွက်ထားမှုတို့ကြောင့် ဖြစ်ကြောင်း။

· အလားတူ တပ်မတော်နှင့် မြို့နေပြည်သူများပူပေါင်း၍  ချောင်း၊ မြောင်းများပိတ်ဆို့မှုများကို အပါတ်စဉ် စုပေါင်းရှင်းလင်းခဲ့မှုကြောင့် ရရှိခဲ့သည့် အကျိုးတရားပင်ဖြစ်ကြောင်း။

· လက်ရှိဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ်အဆင့်မှ တိုင်းဒေသကြီးအဆင့်အထိ ဆောင်ရွက်နိုင်သည်များကို ချက်ခြင်းဆောင်ရွက်ပေးရန်လိုပြီး အခက်အခဲရှိသည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြဆောင်ရွက် သွားရန်လိုကြောင်း။

· ယခုကဲ့သို့ မျှော်လင့်မထားသော သဘာဝဘေးအန္တရာယ်အား  ဆုံးရှုံးမှုအနည်းဆုံးဖြင့် အချိန်တိုအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်မှုသည် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေပြည်သူလူထု၏တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်နိုင်မှု ကြောင့်ပင်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ရေဘေးသင့်ပြည်များအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြပါသည်။

ပြင်ဦးလွင်မြို့တွင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၂ နာရီမှ ၁၀ နာရီအထိ မိုးရွာသွန်းခဲ့ရာ  မိုးရေချိန် ၁၀ ဒသမ ၄၇ လက်မရှိခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း၊ မိုးရွာသွန်းမှုကြောင့် ဂဲလောင်းချောင်းမှာ ရေကြီးမှုဖြစ်ပေါ်ခဲ့၍ ရပ်ကွက် ၂၁ ခု တွင် ရပ်ကွက် ၉ ခုမှာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး အချို့ ရပ်ကွက်များတွင် ၄ ပေ အနက်ခန့်ထိရှိကာ အိမ်များအတွင်း ရေဝင်ရောက်ခဲ့ကြောင်း၊  ဂဲလောင်းချောင်းသည် ၇ မိုင် ရှည်လျှားကာ  မြို့ဧရိယာအတွင်း  ၂ မိုင်ခွဲခန့်ဖြတ်သန်းစီးဆင်းလျက်ရှိကာ မြို့အတွက် အရေးပါသောချောင်းဖြစ်၍ ရေကြီးရေလျှံမှုများ မဖြစ်စေရေးနှင့် ရေစီး၊ ရေလာကောင်းမွန်စေရေး မြို့ပေါ် ၂ မိုင်ခွဲအား  ၁၀ ပေ အကျယ်၊ ၁၀ ပေအနက် ကျောက်စီမြောင်းအဖြစ် ပြုပြင်စေခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဂဲလောင်းချောင်းမှာ ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး၊ ကန်တော်လေး ရေလှောင်တမံတို့မှ ပိုလျှံရေစီးဆင်းသည့် ချောင်းဖြစ်ကြောင်း၊  ကန်တော်လေးရေလှောင်တမံ၏ ယခင်ရေပိုလွှဲစနစ် Spill Way မှာ ၇ ပေအကျယ်၊ ၂ ပေအနက် ရေထိန်း တံခါးလည်း ၃ ပေါက်ဖြစ်ကာ ပိုလျှံရေ 210 Cubit-sec ထွက်ရှိရာမှ 525 Cubit-sec အထိ ရေပိုလွှဲနိုင်သည့်  ၇ ပေအကျယ်၊ ၅ ပေ အနက် ရေထိန်းတံခါး ၃ ပေါက်အဖြစ် ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့မှုကြောင့် ယခုကဲ့သို့ မိုးများသည့် အခြေအနေတွင် ကန်တော်လေးရေလှောင်တမံမှာ ကျိုးပေါက်မှုမရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခင် 210 Cubit-sec နှင့်သာ ထားရှိပါက တံမံကျိုးပေါက်နိုင်ပြီး ကျိုးပေါက်မှုကြောင့် ပြင်ဦးလွင်မြို့၏ ဆုံးရှုံးမှုအန္တရာယ်မှာ လွန်စွာကြီးမားနိုင်ကြောင်း၊ ယခုကဲ့သို့ ရေထိန်းတံခါးပြုပြင်နိုင်မှုကြောင့် ရေဝင်ဧရိယာ ပိုမိုရရှိကာ ရေထိန်းနိုင်မှာဖြစ်သလို ကန်တော်ကြီးရေလှောင်တမံ ၄ ခုသို့ ဝင်ရောက်လာသည့် ရေများကိုလည်း မလျော့အောင် ထိန်းသိမ်းနိုင်သည့် အခြေအနေဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်၍လည်း ရေကြီးရေလျှံသည့် ရပ်ကွက်များမှ ပြည်သူများ၊ အစိုးရအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ရပ်ကွက်အလိုက် သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။   

( မြဝတီရုပ်မြင်သံကြား ၁-၈-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တာဝန်ရှိသူများလိုက်ပါ၍ ဇူလိူင် ၃၁ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ရေဘေး သင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့။
  • ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်ကြီး ၂၁ ခုအနက် ၉ ခု ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ရာ ရေကျချိန်ကျန်ရှိခဲ့သည့် အမှိုက်သရိုက်နှင့် အနယ်အနှစ်များကို အမြန်ဆုံးရှင်းလင်းနိုင်ရေး မြို့နေပြည်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများ။
  • ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ကျောင်း၊ ဆေးရုံ၊  ခြံစည်းရိုးများနှင့် နေအိမ်အချို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ပြုပြင်ရေး အမြန်ဆုံးဆောင်ရွက်ရမည့် အခြေအနေများအား မှာကြားဆောင်ရွက်ပေးခဲ့။
  • ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့် ပွဲကောက်ရေတံခွန်(BEFALL)၊ ကန်တော်လေး ရေထွက်ပေါက်၊ ရေထိန်းတံခါး၊ ကန်တော်ကြီး အမှတ် ၄ ကန်နှင့် မြို့ပေါ်ရပ်ကွက်များအား လိုက်လံကြည့်ရှုကြပြီး ပြင်ဦးလွင်မြို့၊ အားကစား ခန်းမ၌ ရေကြီးနစ်မြုပ်ဒဏ်ခံရသည့် ရေဘေးသင့်ပြည်သူ ၂၅၀ ဦးခန့်အား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက ရေဘေးသင့်ပြည်များအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများကိုလည်းကောင်းပေးအပ်ရာ တာဝန် ရှိသူများက လက်ခံရယူခဲ့ကြ။

Add new comment