ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ထိုင်းနိုင်ငံ၊ Best International Travels & Agency မှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ ရုပ်သံမီဒီယာအဖွဲ့များကို လက်ခံတွေ့ဆုံ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဇူလိုင်လ ၃၁ ရက်တွင် နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ထိုင်းခရီးသွားဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် ထိုင်းရုပ်မြင်သံကြားအစီအစဉ်များတွင် ထုတ်လွှင့်ပြသရန်နှင့် မြန်မာ့ ခရီးသွား လုပ်ငန်းတွင် ထိုင်းခရီးသွားဈေးကွက် ပိုမိုရရှိရေး မြှင့်တင်ရန်ရည်ရွယ်၍ ထိုင်းနိုင်ငံရှိ Best International Travels & Agency မှ ကိုယ်စားလှယ်များနှင့် MONO 29၊ Channel5၊ THAIRATH၊ Workpoint စသည့် ထိုင်းနိုင်ငံရုပ်သံမီဒီယာအဖွဲ့များကို လက်ခံတွေ့ဆုံခဲ့ရာ တွေ့ဆုံစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးက-

  • မြန်မာနိုင်ငံတွင် သာယာလှပသော ကမ်းခြေများ၊ သဘာဝအတိုင်း မပျက်မစီးတည်ရှိနေသော ကျွန်းများ၊ နှင်းဖုံးတောင်တန်းများစသည့် ထူးခြားသော ခရီးသွားအရင်းအမြစ်များနှင့် သဘာဝအလှရှုခင်းများစွာရှိပါကြောင်း။
  • မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၅) မျိုးရှိပြီး ၎င်းတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် အရင်းအမြစ်များလည်းဖြစ်ပါကြောင်း။
  • ယခုလာရောက်လည်ပတ်သော ထိုင်းသတင်းမီဒီယာအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ၏ ကောင်းမွန်သောအမှတ်တရများ၊ အတွေ့အကြုံများကို ထိုင်းရုပ်မြင်သံကြား အစီအစဉ်များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မျှဝေခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း။
  • ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ သဘာဝအလှအပဆွဲဆောင်မှုများနှင့် ယဉ်ကျေးမှုများအား ထိုင်းခရီးသွားဧည့်သည်များထံပြသရန် အခွင့်အလမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကို ခရီးစဉ်ဒေသတစ်ခုအဖြစ် ပိုမိုထင်ရှားလာစေမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံရုပ်သံအဖွဲ့များက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ထိုင်းခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာမေးမြန်းခဲ့ကြပြီးနောက် ကျောက်မျက်ပြ တိုက်သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြပါသည်။ ဩဂုတ် ၁ ရက်တွင် ဥပ္ပါတသန္တိဘုရား၊ မင်းဝံတောင်၊ စစ်သမိုင်းပြတိုက်၊ လက်လုပ်တောင်နှင့် အမျိုးသားပြတိုက်များသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ပြီး ဩဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ရှိ ခရီးသွားဆွဲဆောင်ရာ နေရာများသို့ သွားရောက်လေ့လာလည်ပတ်ပြီး မှတ်တမ်းတင် ဗီဒီယိုများ ရိုက်ကူးကာ ထိုင်းနိုင်ငံရုပ်သံအစီအစဉ်များတွင် ပြန်လည်ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၈-၂၀၂၂)

  • ထိုင်းနိုင်ငံရုပ်သံအဖွဲ့များအနေဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းတွင် ထိုင်းခရီးသွား ဈေးကွက်ပိုမိုရရှိရေး မြှင့်တင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ လာရောက်လေ့လာလည်ပတ်ခဲ့ပြီး မှတ်တမ်းတင်ဗီဒီယိုများ ရိုက်ကူးကာ ထိုင်းနိုင်ငံရုပ်သံအစီအစဉ်များတွင် ပြန်လည်ထည့်သွင်းပြသသွား မည်ဖြစ်။

Add new comment