ကျောက်တံတားမြို့နယ်အတွင်းရှိ မြို့တော်ခန်းမအား အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်

ဇူလိုင်လ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် (၁) ရပ်ကွက်၊ စည်ပင်လမ်းရှိ  မြို့တော်ခန်းမ ဝင်/ထွက် ဂိတ်ပေါက်သို့  အကြမ်းဖက်သမား အမျိုးသား ၂ ဦးက လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ လက်ပစ်ဗုံး များ ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် စည်ပင်နေ့စားဝန်ထမ်း ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့်   ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံးများနှင့် လက်လုပ်မိုင်းများကို အသုံးပြု၍  အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင်အဆောက်အဦများ၊ အများပြည်သူများ နှင့် သက်ဆိုင်သည့်နေရာများ၊  စစ်ရေးနှင့် မသက်ဆိုင်သည့်နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီး နှောင့်ယှက်ခြင်းများ   ပြုလုပ်လျက်ရှိပါသည်။ ထိုသို့ပြုလုပ်နေခြင်းကို ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိပြီး ၎င်းအကြမ်းဖက်သမားများ အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် ထိရောက်ပြင်းထန်စွာ အရေး ယူဆောင်ရွက်ရေး လိုလားလျက်ရှိပါသည်။

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၇-၂၀၂၂)

  • ကျောက်တံတားမြို့နယ်အတွင်းရှိ မြို့တော်ခန်းမအား အကြမ်းဖက်သမားအမျိုး သား ၂ ဦးက လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ လက်ပစ်ဗုံးများ ပေါက်ကွဲမှုကြောင့်   လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် စည်ပင်နေ့စားဝန်ထမ်း ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment