ပန်းတနော်မြို့နယ်၌ PDF အကြမ်းဖက်သမားများက ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

ဇူလိုင်လ ၂၇ ရက်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ လက်ပန်ကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ PDF အကြမ်းဖက်သမားများက မီးရှို့ထွက်ပြေးသွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် ကျောင်းရုံးခန်းနှင့် စာကြည့်တိုက် တွဲလျက်အဆောက်အဦအတွင်းရှိ စာရွက်စာတမ်းများ၊ ပြဋ္ဌာန်းစာအုပ်များ၊ သံဗီရို ၁ လုံး၊ သစ်သားဗီရို ၂ လုံး၊ ဆုံလည်ကုလားထိုင် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ ပါသည်။ အကြမ်းဖက်သမားများ၏ ပညာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ရပ်များမှာ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခဲ့သည့်အကြိမ် (၁၄၀) ကြိမ်၊ မိုင်းထောင်ဖောက် ခွဲခဲ့သည့်အကြိမ် (၄၀၀) ကြိမ်နှင့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်မှာ ဆရာ (၁၇) ဦး၊ ဆရာမ (၁၇) ဦးနှင့် ဝန်ထမ်း (၃) ဦးတို့ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို  လုပ်ဆောင်လျက်ရှိရာတွင် ပညာရေးကဏ္ဍအတွက် အဓိကကျသော အဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများနှင့် အခြားပညာရေးအဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများအပြင် ပညာရေးဝန်ထမ်းများအား ရက်စက်စွာသတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိသဖြင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များအပေါ် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအနေဖြင့် စက်ဆုပ်ရွံရှာသည့်အပြင် ၎င်းတို့၏လုပ်ရပ်များကို ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိပါသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၇-၂၀၂၂)

  • ပန်းတနော်မြို့နယ်၊ လက်ပန်ကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း အား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ ကျောင်းရုံးခန်းနှင့် စာကြည့်တိုက် တွဲလျက်အဆောက်အဦအတွင်းရှိ စာရွက်စာတမ်းများ၊ ပြဋ္ဌာန်း စာအုပ်များ၊ သံဗီရို ၁ လုံး၊ သစ်သားဗီရို ၂ လုံး၊ ဆုံလည်ကုလားထိုင် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့။

Add new comment