မြို့ကြီးအချို့တွင် အကြမ်းဖက်လုပ်ရပ်များနှင့် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်မှုများပြုလုပ်နေသော CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် KIA အဖွဲ့နှင့် TNLA အဖွဲ့များဖြင့် ဆက်နွယ်ပတ်သက်မှုများရှိကြောင်း ဖော်ထုတ်တွေ့ရှိရသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး နှင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အတွက် ထိခိုက်စေသောလုပ်ရပ်များအား ရပ်တန့်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုက်တွန်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
သတင်းထုတ်ပြန်ချက်
နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော် မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီများဖွဲ့စည်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လျင်မြန်လွယ်ကူထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်သည့် လမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ညှိနှိုင်းဆွေးနွေးမှုများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မြို့ကြီးအချို့တွင် အကြမ်းဖက်လုပ်ရပ်များနှင့် အပြစ်မဲ့ပြည်သူ များအား ရက်စက်စွာသတ်ဖြတ်မှုများ ပြုလုပ်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်အပါအဝင် အထက် မြန်မာပြည်မြို့ကြီးအချို့တို့တွင် ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားများနှင့် လက်နက်/ခဲယမ်းများသည် KIA အဖွဲ့နှင့် TNLA အဖွဲ့များဖြင့် ဆက်နွယ်ပတ်သက်မှုများရှိကြောင်း တွေ့ရှိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှ ယနေ့အထိ မြို့ကြီးအချို့တွင် အကြမ်းဖက်မှု ၃,၇၅၁ ကြိမ်ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှုအနေဖြင့် အကြမ်းဖက်သူ ၁,၄၉၂ ဦး၊ လက်နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်းမျိုးစုံ ၁,၆၉၃ တောင့်၊ လက်ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင်လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်သူ ၉,၉၅၈ ဦး၊ လက်နက်မျိုးစုံ ၃,၄၁၇ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁,၅၀၀ တောင့်၊ လက်ပစ်ဗုံး ၆၄၇ လုံး၊ လက်လုပ်မိုင်း ၆,၈၉၅ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို အချိန်မီဖော်ထုတ်တားဆီးထိန်းသိမ်းနိုင်ခဲ့သည်။
ယနေ့အထိ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိမှုအနေဖြင့် မန္တလေးမြို့တွင် ၃ ကြိမ်၊ တရားခံ ၆ ဦးနှင့်အတူ Type 81 သေနတ် ၂၀၀ လက်၊ Type 81 စက်သေနတ် ၂၀ လက်၊ K2 – 5 သေနတ် ၄ လက်၊ M-79 ဗုံးပစ်လောင်ချာ ၁ လက်တို့အား လည်းကောင်း၊ မုံရွာမြို့တွင် ၁ ကြိမ်၊ တရားခံ ၈ ဦးနှင့်အတူ 779 PADING III – S ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်တို့အား လည်းကောင်း ဖမ်းဆီးရရှိခဲ့ပြီး မန္တလေးမြို့နှင့် အထက်မြန်မာပြည် မြို့ကြီးအချို့မှ ဖမ်းဆီးရရှိမှု စုစုပေါင်း ၁၇ ကြိမ်၊ တရားခံ ၂၀၉ ဦး တို့နှင့်အတူ M-16 သေနတ် ၃ လက်၊ AK-47 သေနတ် ၅ လက်၊ M-22 သေနတ် ၄၀ လက်၊ ပစ္စတိုသေနတ် ၁၇ လက်၊ K-22 သေနတ် ၆၁ လက်၊ K-12 သေနတ် ၄ လက်၊ KA သေနတ် ၄ လက်၊ KO-3 သေနတ် ၁ လက်၊ KA လောင်ချာ ၂ လက်၊ K2-5 သေနတ် အရှည် ၇၉ လက်၊ K2-5 ခေါက်ဒင်သေနတ် ၃၆ လက်၊ Type-81 သေနတ် ၂၂၀ လက်၊ Type-81 စက်သေနတ် ၂၀ လက်၊ M-79 LL ၄၀ မမဗုံးပစ်လောင်ချာ ၄၄ လက်၊ 779 PADING III–S ၄၀ မမ ဗုံးပစ်လောင်ချာ ၁၂ လက်အပါအဝင် အခြားလက်နက်ငယ်မျိုးစုံ ၅၄၉ လက်တို့အားလည်းကောင်း ဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားများအား စစ်ဆေးဖော်ထုတ်ချက်အရ KIA အဖွဲ့တွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့သူ ၄၃ ဦး၊ TNLA အဖွဲ့တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့သူ ၃၇ ဦး တွေ့ရှိရပြီး ဖမ်းဆီးရမိသည့် လက်နက်/ခဲယမ်းများကိုစိစစ်ရာ Type-81 ရိုင်ဖယ်သေနတ် ၂၂၀ လက်၊ K2-5 သေနတ် အရှည် ၇၉ လက်၊ K-22 သေနတ် ၆၁ လက်၊ K2-5 ခေါက်ဒင်သေနတ် ၃၆ လက်၊ Type-81 စက်သေနတ် ၂၀ လက်၊ K-12 သေနတ် ၄ လက်၊ KA သေနတ် ၄ လက်၊ KO-3 သေနတ် ၁ လက်၊ KA လောင်ချာ ၂ လက်၊ လက်ပစ်ဗုံး ၇၅၉ လုံးတို့မှာ KIA အဖွဲ့မှထုတ်လုပ်သည့် လက်နက်/ခဲယမ်းများဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည်။
တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် NCA သဘောတူညီချက်ပါ အချက်များကို တိကျစွာလေးစားလိုက်နာဆောင်ရွက်လျက်ရှိသည့်အပြင် “နိုင်ငံတော်နှင့် ပြည်သူတို့လိုအပ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း တိကျစွာလိုက်နာသွားမည်” ဟူသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒနှင့်အညီ တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းအဖြစ်ထားရှိ၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့ကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တိုင်း ရင်းသားပြည်သူတစ်ရပ်လုံး လူမှုစီးပွားထိခိုက်မှုနှင့်အတူ စိတ်နှလုံးထိခိုက်ခံစားနေရသောကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အား လက်မှတ်ရေးထိုးထားသည် ဖြစ်စေ၊ လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆွေးနွေးဆဲ အခြေအနေတွင်ဖြစ်စေ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အတွက် ထိခိုက်စေသောလုပ်ရပ်များအား ရည်ရွယ်ချက်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရပ်တန့်ကြရန် တိုက်တွန်းပါသည်။ နိုင်ငံတော်နှင့်ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝပျက်စီးစေသည့် မည်သည့်လုပ်ရပ်မဆို ထပ်မံလုပ်ဆောင်လာပါက တပ်မတော်အနေဖြင့် လိုအပ်သော လုံခြုံရေးဆိုင်ရာ ဆောင် ရွက်ချက်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
- နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ညှိနှိုင်းဆွေးနွေးမှုများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
- မြို့ကြီးအချို့တွင်အကြမ်းဖက်မှု ၃,၇၅၁ ကြိမ်ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှုအနေဖြင့် အကြမ်းဖက်သူ ၁,၄၉၂ ဦး၊ လက်နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်းမျိုးစုံ ၁,၆၉၃ တောင့်၊ လက်ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့။
- အကြမ်းဖက်သမားများအား စစ်ဆေးဖော်ထုတ်ချက်အရ KIA အဖွဲ့တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သူ ၄၃ ဦး၊ TNLA အဖွဲ့တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သူ ၃၇ ဦး တွေ့ရှိရပြီး ဖမ်းဆီးရမိသည့် လက်နက်၊ ခဲယမ်းများသည် KIA အဖွဲ့မှထုတ်လုပ်သည့် လက်နက်/ ခဲယမ်းများ ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရ။
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အား လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆွေးနွေးဆဲအခြေအနေတွင် ဖြစ်စေ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်အတွက် ထိခိုက်စေသော လုပ်ရပ်များအား ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရပ်တန့်ကြ ရန် တိုက်တွန်းခဲ့။
- နိုင်ငံတော်နှင့် ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝပျက်စီးစေသည့် မည်သည့်လုပ်ရပ် မဆို ထပ်မံလုပ်ဆောင်လာပါက တပ်မတော်အနေဖြင့် လိုအပ်သောလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။