မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအသီးသီးမှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများနှင့် အခွန်ပေးဆောင်ထားခြင်းမရှိသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများဝင်ရောက်မှုအား ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များဖွဲ့စည်း၍ တားဆီး/ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာထိခိုက်ခြင်း၊ တရားမဝင်ကုန်သွယ်မှုကြောင့် တရားဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အနေဖြင့် တရားမဝင်ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချနိုင်စွမ်းနည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ တားဆီးထိန်းချုပ်နိုင်ရေးလုပ်ငန်းစဉ်များ၌ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်မှသာ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
တရားမဝင် တင်သွင်း/တင်ပို့မှုများနှင့်ပတ်သက်၍ တားဆီး/ဖမ်းဆီးပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း သို့မဟုတ် လေလံတင်ရောင်းချခြင်းမှ ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းကို ဖမ်းဆီးသူများအားလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို သတင်းပေးသူများအားလည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၀ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုငွေချီးမြှင့်လျက်ရှိပါသည်။
သတင်းပေးပို့သူနှင့်ပတ်သက်သော အချက်အလက်များကို လျှို့ဝှက်စွာထိန်းသိမ်း ထားရှိမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာမြို့နယ်အလိုက် ဖုန်းနံပါတ်များသို့ သတင်းပေးဆက်သွယ်တိုင်ကြားနိုင်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ အသိပေးထုတ်ပြန်ထားပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၇-၂၀၂၂)
- တရားမဝင်ကုန်သွယ်မှုများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များဖွဲ့စည်း၍ တားဆီး/ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိ။
- တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာထိခိုက်သည့်အပြင် တရားဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို အဟန့်အတားဖြစ်။
- တားဆီး/ဖမ်းဆီးပစ္စည်းများမှ ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းကို ဖမ်းဆီးသူများအား လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို သတင်းပေးသူများအားလည်းကောင်း ဆုငွေချီးမြှင့်လျက်ရှိ။
Add new comment