မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ တပ်ကုန်းကျေးရွာအား PDF အကြမ်းဖက်အဖွဲ့များမှ လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီး

ဇူလိုင်လ ၂၆ ရက်တွင် ပေါက်မြို့နယ်ရှိ တပ်ကုန်းကျေးရွာအား PDF အကြမ်း ဖက်အဖွဲ့အင်အား (၃၀၀) ဦးခန့်က လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က အခြေအနေအား ထိန်းသိမ်းနိုင်ရေး အဆိုပါ နေရာသို့ထွက်ခွာလာစဉ် တပ်ကုန်းကျေးရွာအရောက်၌ အကြမ်းဖက်အဖွဲ့များမှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် စမ်းရေခုံကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်ကုန်းကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်အဖွဲ့များ၏ မီးရှို့၊ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာရှိ လူနေအိမ် ၄၁ လုံးခန့်မှာ မီးလောင်ကျွမ်းနေပြီး ဦးစန်းမင်းအောင် (၃၃) နှစ်၊ ဦးတင်မောင်ဝင်း (၃၇) နှစ်နှင့် ဒေါ်ခင်မြင့်စိုး (၅၀) နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့်လည်းကောင်း၊ ဦးဝင်းအေး (၃၅) နှစ်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းကြည် (၃၄) နှစ်၊ သမီးဖြစ်သူ မသုန်နဒီမိုး (၁၂) နှစ်နှင့် သားဖြစ်သူ ဉာဏ်လင်းအောင် (၇) နှစ်တို့တွင် မီးလောင်ဒဏ်ရာများဖြင့်လည်းကောင်း အသီးသီးသေဆုံးနေပြီး  ကိုပြည်စုံအောင် (၂၁) နှစ်တွင် ယာနားရွက်ကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိထားကြောင်း သိရှိရပါသည်။

အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အပြစ်မဲ့ ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပြည်သူများ၏ အသက်သေဆုံးစေသည်အထိ အလွန်ရက်စက်၍ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပါသည်။ 

 ထိုကဲ့သို့ ကျေးရွာနေ အပြစ်မဲ့ပြည်သူများအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၇-၂၀၂၂)

  • ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာအား PDF အကြမ်းဖက်အဖွဲ့များက လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မီးရှို့ခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၄၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့။

Add new comment