နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေကို အများပြည်သူသို့သိရှိနိုင်ရန် အသိပေးပန်ကြားခြင်း

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံကြီးများသို့ ပို့လွှတ်ထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခံရခြင်းနှင့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေနှင့် ပို့လွှတ်၊ ဖြန့်ဖြူးမှုအခြေအနေတို့ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အများပြည်သူသို့သိရှိနိုင်ရန် အသိပေးပန်ကြားထားပါသည်။

သတင်းထုတ်ပြန်ချက်

၁။   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ပြည်သူလူထုနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်၊ ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုးတက်သုံးစွဲလာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

၂။   ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် (၄၂၀၀) မဂ္ဂါဝပ်ခန့် ရှိသော်လည်း LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု(၇၅၀)မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့်လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်း(၂)လိုင်းမှာ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားစနစ်သို့ ပုံမှန်ပို့လွှတ်လျက်ရှိသည့် (၁၇၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိ၍ စုစုပေါင်းဓာတ်အား ထုတ်လုပ်နိုင်မှု (၉၂၀) မဂ္ဂါဝပ်ခန့်မှာ လျော့နည်းလျက်ရှိ သော်လည်း ယခုကာလတွင် မိုးရာသီရောက်ရှိပြီဖြစ်သဖြင့် ဓာတ်အားသုံးစွဲမှုလျော့ကျခြင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဆည်ရေရရှိမှု တိုးမြင့်လာမှုများကြောင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို သုံးစွဲသူများ စဉ်ဆက်မပြတ်ရရှိရေး ဓာတ်အားစနစ်အား ထိန်းညှိမောင်းနှင်၍ ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိသည်။

၃။   သို့ရာတွင် (၂၁-၇-၂၀၂၂)ရက်နေ့၌ ဇောတိကဓာတ်ငွေ့ပိုက်လိုင်းမှာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ၎င်းဓာတ်ငွေ့ ရယူသုံးစွဲလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့်ဓာတ်အားပမာဏ (၂၀၀)မဂ္ဂါဝပ်ခန့်မှာ ဓာတ်အားစနစ်အတွင်းသို့ ပို့လွှတ် နိုင်မှုမရှိခြင်းနှင့် အထက်ပိုင်း ဓာတ်အားစနစ်အတွင်းရှိ ၁၃၂ ကေဗွီ ရွှေစာရံ-တံခွန်တိုင် ဓာတ်အားလိုင်းတာဝါတိုင်၏ မူလီများဖြုတ်ယူ၍ ပြိုလဲအောင်ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားလိုင်းတာဝါတိုင်(၂)တိုင် လဲကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်း စသည်များကြောင့် (၂၄-၇-၂၀၂၂)ရက်နေ့တွင် ဝန်အား သုံးစွဲမှုနှင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်မှုအခြေအနေများအရ ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုလျော့နည်းကာ ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ် ခဲ့ရသည်။

၄။    ထို့အပြင် (၂၆-၇-၂၀၂၂) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ၁၃၂ ကေဗွီ တီကျစ်-ကလော ဓာတ်အားလိုင်းမှာ ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့သလို ၂၃၀ ကေဗွီ ရွှေစာရံ-အောင်ပင်လယ် ဓာတ်အားလိုင်းမှာလည်း ထပ်မံ၍ ဓာတ်အားပြတ်တောက်ခဲ့သဖြင့် ဓာတ်အားစနစ်အတွင်း ဓာတ်အား ထုတ်လုပ်မှု စုစုပေါင်း(၁၁၂၀)မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသဖြင့် ဓာတ်အားစနစ် တည်ငြိမ်မှုလျော့ကျကာ (၁၅:၃၆) အချိန်ခန့်တွင် ဓာတ်အားပြတ်တောက်မှု ထပ်မံဖြစ်ပေါ်ခဲ့ရသည်။

၅။    ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေများကို အမြန်ဆုံးဓာတ်အားပြန်လည် ပို့လွှတ်နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်။

၆။   သို့ဖြစ်ပါ၍ ဓာတ်အားပို့လွှတ်လျက်ရှိသည့် မဟာဓာတ်အားလိုင်းများနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရသည့်အပေါ်  ပြည်သူလူထုအနေဖြင့် နားလည်ပေးနိုင်ပါရန်နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။                     

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၇-၂၀၂၂)

  • ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်း(၂)လိုင်းမှာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားစနစ်သို့ ပုံမှန်ပို့လွှတ်လျက်ရှိသည့် (၁၇၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်း မရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိ။
  • ဇောတိကဓာတ်ငွေ့ပိုက်လိုင်းမှာ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ၎င်းဓာတ်ငွေ့ရယူသုံးစွဲလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့်ဓာတ်အားပမာဏ (၂၀၀) မဂ္ဂါဝပ် ခန့်မှာ ဓာတ်အားစနစ်အတွင်းသို့ ပို့လွှတ်နိုင်မှုမရှိ။
  • PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ၁၃၂ ကေဗွီ ရွှေစာရံ-တံခွန်တိုင် ဓာတ်အားလိုင်းတာဝါတိုင်၏ မူလီများဖြုတ်ယူ၍ ပြိုလဲအောင် ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားလိုင်းတာဝါတိုင်(၂)တိုင် လဲကျပျက်စီးမှု ဖြစ်ပေါ် ခဲ့ခြင်းကြောင့် ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုလျော့နည်းကာ ဓာတ်အား စနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့။

Add new comment