ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်ယူဆောင်

ဇူလိုင်လ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်နေ ဦးစိုင်းသေပန်ခ (၃၈) နှစ် ပိုင်ဆိုင်သည့် ၁၂၅ လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြား (စ) ရပ်ကွက်ရှိ “မောသစ်” ရွှေဆိုင်သို့ အကြမ်းဖက်သမား အမျိုးသား ၂ ဦးက ရွှေဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ခြိမ်းခြောက်ကာ ရွှေဆိုင်အရောင်းကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀၅ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၆၀ ကျပ်၊ စုစုပေါင်းတန်ဘိုး ငွေကျပ် ၂,၂၆၅ သိန်းခန့်အား လုယက်ယူဆောင်သွားခဲ့ပြီး ၎င်းတို့၏ပစ်ခတ်မှုကြောင့် ဆိုင်အတွင်းရှိနေသည့် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးဖြိုးမင်းစိုး (၃၇) နှစ်တွင် ဝဲခြေဖမိုးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း သိရှိရပါသည်။

NUG လက်အောက်ခံ PDF အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် NUG အဖွဲ့ထံမှ ငွေကြေးထောက်ပံ့မှုမရရှိခြင်း၊ တော်လှန်ရေးရန်ပုံငွေ အမည်ခံအလှူငွေများကို အလွဲသုံးစားပြုလုပ်ပြီး ပြန်လည်ခွဲဝေပေးမှုမရှိခြင်းတို့ကြောင့် PDF အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထုထံမှ လစဉ်ဆက်ကြေးငွေများ အတင်းအဓမ္မကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ငွေတောင်းခံခြင်းများပြုလုပ်လာသည့်အပြင် ကြီးမားသောရာဇဝတ်မှုဖြစ်သည့် ဓားပြတိုက်လုယက်မှုများအား ပိုမိုပြုလုပ်လာကြောင်း တွေ့ရှိရပါသည်။

 အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၇-၂၀၂၂)

  • မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မောသစ်ရွှေဆိုင်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀၅ ကျပ် သားခန့်နှင့် ငွေကျပ်သိန်း ၆၀ ကျပ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် ၂,၂၆၅ သိန်းခန့်အား လုယက်ယူဆောင်သွားခဲ့။

Add new comment