ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင်လ ၂၅ ရက်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန် ကြီးများနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှသင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်-

  • သစ်တော၊ သစ်ပင်များ၏ ဖြစ်တည်မှုသည် လူအပါအဝင် သက်ရှိသတ္တဝါအားလုံးတို့ အသက်ရှင်တည်မြဲနိုင်ရေးအတွက် ဂေဟကွင်းဆက်တစ်ခုဖြစ်ပြီး သစ်ပင်များသည် လူနှင့်သတ္တဝါတို့ကြောင့်ဖြစ်ပေါ်လာသည့် အဆိပ်အတောက်၊ ဓာတ်ငွေ့၊ ကာဗွန်ဒိုင် အောက်ဆိုဒ်တို့ကို စုပ်ယူပေးကာ လူနှင့်သတ္တဝါတို့ အသက်ရှူသွင်းရန် အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်လွှတ်ဖြည့်ဆည်းပေးထားခြင်းဖြစ်ကြောင်း။
  • တပ်မတော်အနေဖြင့် သစ်ပင်စိုက်ပျိုးရာတွင် အဖြစ်သဘောမျိုး၊ ဝတ်ကျေတမ်းကျေစိုက်ပျိုးကြခြင်းမျိုးမဟုတ်ဘဲ စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန်အောင်မြင်ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုးကြရမည်ဖြစ်ကြောင်း။
  • မိမိတို့တပ်မတော်သားများ လုပ်ဆောင်ကြရသည့် အဓိကလုပ်ငန်းတာဝန်ကြီးသုံးရပ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်တစ်ရပ်အဖြစ်ပါဝင်သည့် ပြည်သူ့သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်များတွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း။
  • သစ်ပင်စိုက်ပျိုးခြင်းသည် မိမိအတွက်ဆိုခြင်းထက် အများအတွက်ဟူသည့် ကုသိုလ်စေတနာသဒ္ဓါတရားရှေ့ဆောင်ပြီး ပြုလုပ်အားထုတ်သည့် အလုပ်တစ်မျိုးဖြစ်သည့်အတွက် ဘာသာတရားပိုင်းအမြင်ဖြင့်လည်း ကောင်းမွန်သင့်မြတ်သည့် အလုပ်ဖြစ်ကြောင်း။
  • တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ယခုကဲ့သို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပလာခဲ့ရာ ၂၀၂၁ ခုနှစ်အထိ (၃၂) ကြိမ်၊ အပင်စုစုပေါင်း ၁၆၈,၀၈၇ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ပထမအကြိမ်၌ ၄,၃၀၄ ပင် အသီးသီးစိုက်ပျိုးနိုင်ခဲ့ကြောင်း။
  • အောင်မြင်ဖြစ်ထွန်းမှုအနေဖြင့် ၆၀ ရာခိုင်နှုန်းအောက်ရောက်သည့်နှစ် ၅ နှစ်သာ ရှိခဲ့ပြီး ကျန်နှစ်များအားလုံး အောင်မြင်ဖြစ်ထွန်းမှု ၈၀ ရာခိုင်နှုန်းနှင့်အထက် ရှိသည့် မှတ်တမ်းကောင်းများ ရရှိပိုင်ဆိုင်ထားကြောင်းနှင့် ယင်းမှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းသွားကြရန်  အလေးအနက်ထားမှာကြားလို ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးခဲ့ကြကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၂,၁၅၂ ပင်၊ ပျဉ်းကတိုး ၁,၀၇၆ ပင်နှင့် အရိပ်ရလေကာပင် မန်ဂျန်ရှား ၁,၀၇၆  ပင် ၊ စုစုပေါင်း ၄,၃၀၄ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသကဲ့သို့ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြရာ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဝင်း၌ စိုက်ပျိုးသည့် ၄,၃၀၄ ပင် အပါအဝင် တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၉၅,၀၃၈ ပင်ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၇-၂၀၂၂)

  • ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့။
  • တပ်မတော်အနေဖြင့် သစ်ပင်စိုက်ပျိုးရာတွင် အဖြစ်သဘောမျိုး၊ ဝတ်ကျေတမ်းကျေစိုက်ပျိုးကြခြင်းမျိုးမဟုတ်ဘဲ စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန်အောင်မြင်ဖြစ်ထွန်းစေရန် စနစ်တကျစီမံစိုက်ပျိုးကြရမည်ဖြစ်။
  • မိမိတို့တပ်မတော်သားများ လုပ်ဆောင်ကြရသည့် အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်တစ်ရပ်အဖြစ်ပါဝင်သည့် ပြည်သူ့သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်များတွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်သွားကြရမည်ဖြစ်။
  • ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၂,၁၅၂ ပင်၊ ပျဉ်းကတိုး ၁,၀၇၆ ပင်နှင့် အရိပ်ရလေကာပင် မန်ဂျန်ရှား ၁,၀၇၆  ပင် စုစုပေါင်း ၄,၃၀၄ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၉၅,၀၃၈ ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့။

Add new comment