စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

၁။      ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စနစ်တကျ စိစစ်သုံးစွဲလျက်ရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ရှိ ရန်ပုံငွေလက်ကျန်မှာ ကျပ် ၄၉၁.၉၇၈ ဘီလီယံ ဖြစ်ပါသည်။

၂။     ယခုအခါ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ များစွာကျဆင်းသွားပြီဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအရ ထိခိုက်ကျဆင်းခဲ့ရသော နိုင်ငံတော်၏စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။      သို့ဖြစ်ပါ၍ အထက်ပါရန်ပုံငွေလက်ကျန်မှ ကျပ် ၄၀၀ ဘီလီယံကို သီးသန့် ရန်ပုံငွေတစ်ရပ်ထူထောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသော စီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုဆိုင်ရာလုပ်ငန်းများနှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်းသက်သာသော ချေးငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် စိစစ်ထုတ်ချေးပေးနိုင် ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၇-၂၀၂၂)

  • ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်ရန်ပုံငွေ လက်ကျန် ကျပ် ၄၉၁.၉၇၈ ဘီလီယံမှ ကျပ် ၄၀၀ ဘီလီယံကို စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်း သက်သာသောချေးငွေများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် စိစစ်ထုတ်ချေးပေးနိုင်ရေးဆောင်ရွက်မည်ဖြစ်။

Add new comment