ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေးတက်ရောက်

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့်ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာအကောင်အထည်ဖော်ရေး ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ဇူလိုင်လ ၂၁ ရက်တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက-

  • မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို စတင်ဆောင်ရွက်ချိန်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း ၇၂၆ ဦးရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးပြီးသူ မိသားစုအပါအဝင် ၆၄၈ ဦးရှိပြီဖြစ်ကြောင်း။
  • နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် နိုင်ငံခြားငွေရရှိရေးနှင့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် များစွာအထောက်အကူပြုသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း။
  • လုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးသူများနှင့် ယခင်လူတွေ့စစ်ဆေးရန် ကျန်ရှိသူများအနက်မှ လာရောက်ဖြေဆိုမည့်သူ မိသားစုဝင်များအပါအဝင် ၂၁ ဦးအား ယခုအစည်းအဝေးတွင် လူတွေ့စစ်ဆေးအကဲဖြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။

တာဝန်ရှိသူများက နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အမြဲနေထိုင်ခွင့်စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးမှုများနှင့် ဆောင်ရွက်ရသည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း၊ လက်ရှိလူတွေ့စစ်ဆေးအကဲဖြတ်မည့် PR လျှောက်ထားသူ ၁၂ ဦး၊ မိသားစုဝင် ၉ ဦးတို့၏ ကိုယ်ရေးအချက်အလက်များ၊ လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ စိစစ်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် PR လျှောက်ထားသူ ၁၂ ဦးကိုတွေ့ဆုံ၍ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System) ကျင့်သုံးခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်၊ PR လျှောက်ထားမှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ PR နည်းဥပဒေပြဋ္ဌာန်းမှုနှင့် PR နည်းဥပဒေအပါအဝင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ နေထိုင်လုပ်ကိုင် ဆောင်ရွက် ကြရေး ရှင်းလင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် PR လျှောက်ထားသူ ၁၂ ဦးနှင့်အတူ လျှောက်ထားသည့် မိသားစုဝင် ၉ ဦးအပါအဝင် စုစုပေါင်း ၂၁  ဦးအတွက် စစ်ဆေးအကဲဖြတ်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြကာ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအတိုင်း အတည်ပြုခွင့်ပြုသူများကို နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၇-၇-၂၀၂၂)

  • နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာအကောင်အထည်ဖော်ရေး ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ဇူလိုင်လ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့
  • နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် နိုင်ငံခြားငွေရရှိရေးနှင့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် များစွာအထောက်အကူပြုသည့် နည်းလမ်းတစ်ခုဖြစ်။
  • ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအတိုင်း အတည်ပြုခွင့်ပြုသူများကို နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။

Add new comment