(၁၈) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကျင်းပ

(၁၈) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်တွင် မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က-

  • မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာတစ်ရပ်ဖြစ်ပြီး လူလုပ်ဆေးဝါးသစ်များ လွယ်ကူစွာ ဝယ်ယူရရှိမှုများသည်လည်း ပြဿနာကို ပိုမိုဆိုးရွားလာကြောင်း။
  • နည်းပညာတိုးတက်လာမှုကြောင့် အွန်လိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုများမှတစ်ဆင့် ငွေပေးချေမှုများအသုံးပြုလာပြီး အွန်လိုင်းမူးယစ်ဆေးဝါးဈေးကွက်သည်လည်း ကျယ်ပြန့်စွာနေရာယူ ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့ရှိရကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ ဘက်ပေါင်းစုံမှ တားဆီးတိုက်ဖျက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • မဲခေါင်ဒေသတွင်းနိုင်ငံများနှင့်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အောင်မြင်မှုရလဒ်ကောင်းများရရှိခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
  • မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အဓိကလိုအပ်သည့် ပရီကာဆာဓာတုပစ္စည်း များသည် နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင်နည်းလမ်းမျိုးစုံနှင့် ဝင်ရောက်လျက်ရှိခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်း၍ အထူးစစ်ဆင်ရေးများကိုလည်း ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့။

နှစ်နိုင်ငံကိုယ်စားလှယ်များက လက်ရှိမူးယစ်ဆေးဝါအခြေအနေများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံမှ နိုင်ငံသားများ ပါဝင်ပတ်သက်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများကို အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်နိုင်ရေးကိစ္စရပ်များ၊ တားဆီးနှိမ်နင်းရေး လုပ်ငန်းများနှင့် မှုခင်းများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန်ကိစ္စရပ်များ၊ (၁၉) ကြိမ်မြောက် အစည်းအဝေးကို တရုတ်နိုင်ငံ (NNCC) မှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC) အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) ညွှန်ကြားရေးမှူးချုပ် Mr. Liang Yun ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၂-၇-၂၀၂၂)

  • (၁၈) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်တွင် မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင် အဖြစ်ကျင်းပခဲ့
  • မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ ဘက်ပေါင်းစုံမှ တားဆီးတိုက်ဖျက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
  • မဲခေါင်ဒေသတွင်းနိုင်ငံများနှင့်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အောင်မြင်မှုရလဒ်ကောင်းများ ရရှိခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိ။

Add new comment