မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာ တရားရုံးအမိန့် ဖတ်ကြားပွဲသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံသို့ ရောက်ရှိ

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာ (Preliminary Objections) အပေါ် တရားရုံးအမိန့်ဖတ်ကြားပွဲကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဇူလိုင်လ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်ပါသည်။

အဆိုပါတရားရုံးအမိန့်ဖတ်ကြားပွဲသို့ တက်ရောက်ရန် ကိုယ်စားလှယ် (Agent) ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အလှည့်ကျကိုယ်စားလှယ် (Alternate Agent) ဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ပူးတွဲ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၀ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ စတင်ထွက်ခွာခဲ့ပါသည်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမ်စတာဒမ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇူလိုင်လ ၂၁ ရက်တွင် ရောက်ရှိခဲ့ပြီး မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန် နှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၂)

  • မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာ (Preliminary Objections) အပေါ် တရားရုံးအမိန့်ဖတ်ကြားပွဲကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဇူလိုင်လ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်။
  • မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၀ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ စတင်ထွက်ခွာခဲ့ရာ အမ်စတာဒမ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇူလိုင်လ ၂၁ ရက်တွင် ရောက်ရှိခဲ့။

Add new comment