ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ဇူလိုင်လ ၂၀ ရက်နှင့် ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို သွားရောက်တွေ့ဆုံအမှာစကားပြောကြားခဲ့ရာတွင်-

  • လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်တပ်မတော်တို့ အတူလက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
  • မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံးနေသည့် နိုင်ငံဖြစ်သည့်အတွက် မဲပေးခွင့်ရှိသူအားလုံး ဆန္ဒမဲပေး၍ မှန်ကန်မျှတမှုရှိသည့် ရွေးကောက်ပွဲကျင်းပရမည်ဖြစ်ပြီး အနိုင်ရရှိသည့်ပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာအား လွှဲပြောင်းရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပရန် နိုင်ငံတစ်ဝန်း လုံခြုံအေးချမ်း၍ တည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း။
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်တပ်မတော်တို့၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် ယခင်ထက် နယ်မြေဒေသအတွင်း လုံခြုံမှု၊ တည်ငြိမ်မှုအခြေအနေ တိုးတက်မှုများ ရှိလာခဲ့သည့်အတွက် ဆောင်ရွက်ခဲ့မှုများအပေါ် ဂုဏ်ပြုပါကြောင်းနှင့် လုံခြုံရေးတာဝန်များကို ဆတက်ထမ်းပိုးထမ်းဆောင်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားပြီး တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်မိသားစုများ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံကာ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်၍ အားပေးစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း အမှတ် (၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိစဉ် ရဲတပ်သားသစ်စားရိပ်သာကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ စားရိပ်သာ၌ ရဲတပ်သားသစ်သင်တန်း အမှတ်စဉ် (၃၉/၂၀၂၂) မှ သင်တန်းသားများနှင့်အတူ နေ့လယ်စာစားသုံးခဲ့ပါသည်။ ဇူလိုင်လ ၂၀ ရက် ညပိုင်း၌ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုတည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်သည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် တာဝန်ရှိသူများလိုက်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့။

Add new comment