နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၂) ကျင်းပပြုလုပ်

ဇူလိုင်လ ၂၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၂) ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ အမှာစကားပြောကြားချက်များမှာ-

  • နိုင်ငံရေးနှင့်ဆက်စပ်သည့် လုံခြုံရေးအခြေအနေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရအရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းမဟုတ်ကြောင်း။
  • အကြမ်းဖက်မှုများကို အရေးယူဆောင်ရွက်ခဲ့ရာတွင် ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှဆောင်ရွက်ရပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လက်နက်ကိုင်သောင်းကျန်းမှုများကို တပ်မတော်မှတာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
  • ၂၀၂၁ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဆူပှုအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အချို့သောနေရာဒေသများမှလွဲ၍ တတ်နိုင်သမျှရဲတပ်ဖွဲ့ဝင်များဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် စစ်အုပ်ချုပ်ရေး သတ်မှတ်မှုများကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း။
  • နိုင်ငံရေးအရနောက်ဆက်တွဲပေါ်ပေါက်လာသည့် အကြမ်းဖက် NUG နှင့် CRPH တို့ကတည်ထောင်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများသည် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများကို လုပ်ဆောင်လျက်ရှိပြီး သံဃာတော်များနှင့် သီလရှင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း။
  • PDF အမည်ခံအကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ဇူလိုင်လ ၂၀ ရက် အထိ သံဃာတော် ၅၂ ပါးနှင့် သီလရှင် ၁ ပါးတို့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉ ပါးနှင့် ပျောက်ဆုံးသူ ၈ ဦး စုစုပေါင်း ၇၀ ရှိပြီဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သံဃာတော်များနှင့်သီလရှင်များကို အကြမ်းဖက်သတ်ဖြတ်မှု အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း။
  • စစ်ကိုင်းတိုင်းဒေသကြီးသည် ဗုဒ္ဓဘာသာ ရှေးအကျဆုံးနှင့်အများဆုံး ကိုးကွယ်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ဗုဒ္ဓဘာသာရဟန်းသံဃာတော်များနှင့် သီလရှင်များ အကြမ်းဖက်သတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည်ကို အံဩဖွယ်တွေ့မြင်ရပြီး မကွေးတိုင်းတွင်လည်း အလားတူပင်ဖြစ်ကြောင်း။
  • ပညာရေးဝန်ထမ်းများသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၄၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၁ ဦး၊ ပျောက်ဆုံးသူ ၂၅ ဦး စုစုပေါင်း ၉၃ ဦးရှိကြောင်း၊ ထိုသို့ ပညာရေးဝန်ထမ်းများသတ်ဖြတ်ခံရမှုတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးသည် အများဆုံးဖြစ်သည်ကိုတွေ့ရှိရကြောင်း။
  • ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ ကျောင်းများပိတ်ထားမှုကြောင့် နိုင်ငံတော်နှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလည်း ကျင်းပပေးနိုင်ခဲ့ကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကိုလည်း ထုတ်ပြန်ပေးနိုင်ခဲ့ကြောင်း။
  • ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်လည်း အခြေခံပညာကျောင်းများတွင် ပညာသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများမှာ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ အရေအတွက်၏ ၇၆ ရာခိုင်နှုန်းခန့် ကျောင်းအပ်နှံကြသည်ကိုတွေ့ရကြောင်း။
  • အချို့ ကျောင်းနေအရွယ်ကလေးများအနေဖြင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းမှုမရှိခြင်း၊ လုံခြုံရေးအရ တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် ကျောင်းအပ်နှံခြင်း မရှိသကဲ့သို့ နိုင်ငံရေးအရ အစိုးရအခြေခံပညာကျောင်းများတွင် အချို့ကျောင်း သား၊ ကျောင်းသူများ ကျောင်းအပ်နှံသင်ကြားမှုများ မပြုသည်ကိုလည်း တွေ့ရှိရကြောင်း။
  • တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများက ဖွင့်လှစ်ထားသည့် Kaung For You အထက်တန်းကျောင်းကို စတင်ဆောင်ရွက်ခဲ့သည့် မြစ်သားမြို့နယ် လက်ထောက်ပညာရေးမှုး (CDM) ကောင်းသိုက်စိုးနှင့် အပေါင်းအပါ ၃ ဦးကို ဇူလိုင်လ ၁၃ ရက်တွင် အောင်ပန်းမြို့၌ ပြည့်တန်ဆာ အမျိုးသမီးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်ရ ဆက်စပ်လျက်ရှိသူများကိုလည်း ဖော်ထုတ်ရရှိခဲ့သဖြင့် အချို့ကို ဖမ်းဆီးထိန်းသိမ်းအရေးယူဆောင်ရွက်လျက်ရှိကြောင်း။
  • အဆိုပါကျောင်းများတွင် အပ်နှံထားသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို မိမိတို့အနေဖြင့် အရေးယူရန်မရှိသော်လည်း အခြားပါဝင်ပတ်သက်နေသူများကိုဆက်လက်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ပညာသင်ကြားရေးသည် နိုင်ငံအတွက်လူသားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းဖြစ်၍ မည်သည့်စာသင်ကျောင်းတွင်သင်ကြားသည်ဖြစ်စေ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာပြီးဆုံးချိန်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့် ပညာများရရှိသွားရန်လိုကြောင်း။
  • ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို ကျောင်းနေအရွယ်ကလေးများဖြစ်သည့် ၅ နှစ်မှ ၁၈ နှစ်အကြား ကျောင်းသား၊ ကျောင်းသူ ၅,၈၂၀,၀၀၀ ကျော်အား ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၃၅,၈၃၀,၀၀၀ ကျော်ရှိပြီး ဖြစ်ကြောင်း။
  • လမ်းပန်းဆက်သွယ်မှုနှင့် အုပ်ချုပ်မှုလမ်းကြောင်း အဆင်ပြေသည့် နေရာများ တွင် ၉၉ ရာခိုင်နှုန်းခန့်ထိုးနှံပေးနိုင်ပြီးဖြစ်ကြောင်း၊ ထိုးနှံရန်ကျန်ရှိသည့် နေရာဒေသများတွင်လည်း ဆက်လက်ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ မိမိတို့အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံမူဝါဒများချမှတ်၍ ဦးစားပေး ၃ ရပ်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားသည့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်သည့် နိုင်ငံတစ်ခုပင်ဖြစ်သဖြင့် ယခင်က စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချမှုများရှိခဲ့ကြောင်း။
  • မိမိတို့နိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည်လည်း စိုက်ပျိုးရေးနှင့်မွေးမြူ ရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းပင်ဖြစ်သောကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေရခြင်းဖြစ်ကြောင်း။
  • မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် မြစ်ချောင်းများပေါများသလို ရေချိုအရင်းအမြစ်များများစွာရှိသဖြင့် ရေချိုကို အသုံးချ၍ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် နေရာများရှိသကဲ့သို့ စိုက်ပျိုးမြေဧရိယာသည်လည်း လုံလောက်စွာရှိသောကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအောင်မြင် အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံတွင် စိုက်ပျိုးဧကပေါင်း ၃၃ သန်းခန့်ရှိပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ဝါများကို အဓိကစိုက်ပျိုးလျက်ရှိကြသလို အခြားနှစ်ရှည် သီးနှံများဖြစ်သည့် ရာဘာ၊ ဆီအုန်းနှင့် အုန်းစိုက်ပျိုးမှုစသည့် နှစ်ရှည်သီးနှံပင်များကိုလည်း စိုက်ပျိုးကြကြောင်း။
  • တောင်သူလယ်သမားများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီး ဌာနကို သီးခြားဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
  • ပြီးခဲ့သည့်ကာလအတွင်း ပြည်ပမှဆီတင်သွင်းမှုများ များပြားခဲ့သဖြင့် ဆီထွက်သီးနှံများကို ထိန်းသိမ်းခြင်းနှင့် ပြည်ပတင်ပို့ခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းကဲ့သို့သော အသင်းများမှတစ်ဆင့် နိုင်ငံတော်၏အကျိုးစီးပွားအတွက် ထိန်းသိမ်းရောင်းချသွားမည်ဆိုပါက တောင်သူများ လွတ်လပ်စွာရောင်းချနိုင်သကဲ့သို့ နိုင်ငံတော်၏ဝင်ငွေကို လည်းတိုးတက်စေမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုမှတဆင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကောင်းမွန်စေရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍  ပညာရေးတွင် အများစုသည် မူလတန်းပညာနှင့်အလယ်တန်းပညာ အဆင့်ပဲရှိ၍ လူနည်းစုသာ အထက်တန်းနှင့် အဆင့်မြင့်ပညာတတ်တဲ့သူများ ဖြစ်သည့်အတွက် ကျေးလက် ဒေသတွေရဲ့ ပညာရေး၊ ပြည်နယ်များရဲ့ ပညာရေးမြှင့်တင်ဖို့အတွက် အထူးဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း။
  • နိုင်ငံတွင် အခြေခံဥပဒေအရ အခြေခံပညာမူလတန်းအဆင့်ကို မသင်မနေရ ပညာရေးဟု သတ်မှတ်ထားသော်လည်း လက်ရှိခေတ်မီသည့် ကမ္ဘာကြီးမှာ လိုက်မီနိုင်ရန် မူလတန်းပညာနှင့်မည်သို့မျှမပြည့်စုံသောကြောင့် မိမိတို့အစိုးရ တာဝန်ယူသည့်အချိန်၌ အလယ်တန်းပညာပြီးဆုံးသည်အထိကို အခမဲ့ပညာရေးအနေနှင့် မသင်မနေရ တွန်းအား ပေးဆောင်ရွက်ဖို့ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။
  • မြန်မာနိုင်ငံ၌ ခရိုင်ပေါင်း ၁၂၇ ခရိုင်ရှိပြီး အဆိုပါခရိုင်များမှာ First wave အနေဖြင့် ကျောင်းပေါင်း ၅၀ ခန့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှု တွဲဖွင့်ထားသော အထက်တန်းကျောင်းများ ဖွင့်လှစ်ရန် သက်ဆိုင်ရာဝန်ကြီးများနှင့် မိမိဆွေးနွေးထားပြီးဖြစ်ကြောင်း။
  • အဆိုပါကျောင်းများတွင် သင်ကြားပေးရန် မွေးမြူရေးကျောင်းဆင်းများ၊ စိုက်ပျိုးရေး ကျောင်းဆင်းများ ခန့်ရန်လိုအပ်သလို လက်ရှိတာဝန်ပေးထားသည့် စိုက်ပျိုးရေးဦးစီး၊ မွေးမြူရေးဦးစီးဌာနများ၌ တာဝန်ပေးထားတဲ့သူများကိုလည်း အကူဆရာများအနေဖြင့် သင်ကြားပေးရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း။
  • အစိုးရ၏တာဝန်မှာ လူသားအရင်းအမြစ်များရရှိအောင် ဆောင်ရွက်ပေးဖို့သာဖြစ်ပြီး ကျန်သည့်အပိုင်းကဏ္ဍများကို ပုဂ္ဂလိကက ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • မိမိတို့ အစိုးရအနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် သွင်းအားစုများဖြစ်သည့် ရေရရှိရန်၊ မြေဩဇာရရှိရန်နှင့် မျိုးစေ့များရရှိရန်ဝိုင်းဝန်းကူညီပေးရမည်ဖြစ်ကြောင်း။
  • ကျေးလက်နေပြည်သူများ၏ လူမှုနေမှုစနစ်အခြေအနေများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတွင် အားနည်းချက်များရှိခြင်းကြောင့် အခြားနိုင်ငံများထက် လူနေမှုစနစ်များနိမ့်ကျနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်၍ အောင်မြင်အောင်ဆောင်ရွက် နိုင်မည်ဆိုပါက ကျေးလက်နေတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားများပြောင်းလဲတိုးတက်လာမည်ဖြစ်ကြောင်း။
  • ထိုသို့လူမှုစီးပွားများ တိုးတက်ပြောင်းလဲလာချိန်တွင် နေထိုင်သည့်အိမ်ရာများ အဆင့်မြှင့်တင်တည်ဆောက်ရန် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လိုအပ်သည့် ဘိလပ်မြေများ ကိုပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုသောကြောင့် ပြည်တွင်းရှိ စက်ရုံများ အပြည့်အဝလည်ပတ်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
  •  အလားတူ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ ထုတ်လုပ်ရာတွင်လည်း အဆောက်အဦများဆောက်လုပ်နိုင်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရေး ပြည်တွင်းလုပ်ငန်းရှင်များနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ ဆောင်ရွက်မည်ဆိုပါက အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေနှင့် သံ၊ သံမဏိတို့သည် နိုင်ငံ၏လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် မဖြစ်မနေလိုအပ်သဖြင့် အားပေးဆောင်ရွက်သွားမည်ဆိုပါက များစွာပြောင်းလဲတိုးတက်သွားမည်ဖြစ်ကြောင်း။
  • လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးသည်လည်း အရေးကြီးကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်ယူရာတွင် ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်၍ ရကြောင်း။
  • မေခ၊ မလိခ၊ ဧရာဝတီ၊ ရွှေလီ၊ ချင်းတွင်း၊ တာပိန်၊ သံလွင်စသည့် မြစ်ကြီးများပေါ်၌ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့်နေရာများ များစွာရှိသောကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်း စီမံကိန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း။
  • အလားတူ ကမ်းရိုးတန်းဒေသများ၌လည်း လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို နိုင်ငံတော်အဆင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့်လည်း အသေးစားနှင့် အလတ်စားထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်မှ အားပေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • ထာဝရငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို ဧပြီလ ၂၂ ရက် နေ့က စတင်ပြုလုပ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် ၃ ဖွဲ့တို့က တွေ့ဆုံရန် အကြောင်းပြန်ကြားခဲ့ပြီး ၉ ဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်သလို ကျန်ရှိသည့် တစ်ဖွဲ့နှင့်လည်း မကြာမီ အချိန်အတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း။
  • တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်သည်နှင့်ဖြစ်ချင်တာများကို ညှိနှိုင်းဆောင်ရွက်နေသဖြင့် တွေ့ဆုံဆွေးနွေးလိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးလိုပါက ထပ်မံဖိတ်ခေါ် ကြောင်း။
  • ရုရှားနိုင်ငံသို့ အလုပ်သဘောအလယ်အပတ်ခရီးသွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော် အတွင်းရှိရွှေစည်းခုံစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကာ အနေကဇာတင် မင်္ဂလာအခမ်းအနားပြုလုပ်ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ စစ်ဘက်နည်းပညာဆိုင်ရာကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း အသိပေးပြောကြားခဲ့။ 

ကောင်စီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် နှစ်နိုင်ငံခရီး သွားလုပ်ငန်းကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပညာတော်သင်စေလွတ်ရေးကိစ္စများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း။
  • လူငယ်ဖွံ့ဖြိုးရေးအထောက်အကူပြု စီမံကိန်းများကို မိမိသဘောဆန္ဒအလျောက် ပါဝင်သည့်စနစ်ဖြင့် ထူထောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေး မူဝါဒနှင့် မကိုက်ညီသည့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်သည့်ကိစ္စနှင့်ပတ်သက်၍ စိစစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  •  ကျန်းမာရေးဌာနများတွင် ဝန်ထမ်းများဖြည့်တင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လတ်တလောတွင် အလုပ်သင်ဆရာဝန်များနှင့် သူနာပြုများ ဖြည့်တင်းပေးထားပြီးဖြစ်ကြောင်း။
  • ရန်ကုန် - ပြည်၊ ရန်ကုန် - မော်လမြိုင်၊ ရန်ကုန် - မန္တလေး မီးရထားလမ်းများ အဆင့်မြှင့်တင်၍ ခေါက်ရေတိုးမြှင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
  • တိုင်းရင်းသားလက်နက်အဖွဲ့များနှင့်ပတ်သက်၍ ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးလျက်ရှိပြီး အချို့အဖွဲ့များနှင့်လည်းဆွေးနွေးနိုင်ရေးချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း။
  • သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ ပြဌာန်းနိုင်ရေး ပြန်လည်စိစစ်သုံးသပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ မြဝတီသတင်းစာ(၂၂-၇-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရအရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းမဟုတ်။
  • ၂၀၂၁ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဆူပှုအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အချို့သောနေရာဒေသများမှလွဲ၍ တတ်နိုင်သမျှရဲတပ်ဖွဲ့ဝင်များဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့။
  • PDF အမည်ခံအကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ဇူလိုင်လ ၂၀ ရက်အထိ သံဃာတော် ၅၂ ပါးနှင့် သီလရှင် ၁ ပါးတို့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉ ပါးနှင့် ပျောက်ဆုံးသူ ၈ ဦး စုစုပေါင်း ၇၀ ရှိပြီဖြစ်။
  • ပညာရေးဝန်ထမ်းများသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၄၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၁ ဦး၊ ပျောက်ဆုံးသူ ၂၅ ဦး စုစုပေါင်း ၉၃ ဦးရှိပြီဖြစ်။
  • Kaung For You အထက်တန်းကျောင်းကို စတင်ဆောင်ရွက်ခဲ့သည့် မြစ်သားမြို့နယ်လက်ထောက်ပညာရေးမှုး (CDM) ကောင်းသိုက်စိုးနှင့် အပေါင်းအပါ ၃ ဦးကို ဇူလိုင်လ ၁၃ ရက်တွင် အောင်ပန်းမြို့၌ ပြည့်တန်ဆာအမျိုးသမီးများနှင့်အတူ ဖမ်းဆီးရမိခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို သီးခြား ဖွဲ့စည်းဆောင်ရွက်ခဲ့။
  •  ပညာရေးတွင် အများစုသည် မူလတန်းပညာနှင့်အလယ်တန်းပညာ အဆင့်ပဲရှိ၍ လူနည်းစုသာ အထက်တန်းနှင့် အဆင့်မြင့်ပညာတတ်တဲ့သူများဖြစ်သည့်အတွက် ကျေးလက်ဒေသတွေရဲ့ ပညာရေး၊ ပြည်နယ်များရဲ့ ပညာရေးမြှင့်တင်ဖို့အတွက် အထူး ဦးစားပေးဆောင်ရွက်သွားရန်လို။
  • တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် ၃ ဖွဲ့တို့ကတွေ့ဆုံရန် အကြောင်းပြန်ကြားခဲ့ပြီး ၉ ဖွဲ့နှင့်တွေ့ဆုံဆွေး နွေးခဲ့ပြီးဖြစ်သလို ကျန်ရှိသည့် တစ်ဖွဲ့နှင့်လည်း မကြာမီအချိန်အတွင်း တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်။
  • ပညာရေးမူဝါဒနှင့် မကိုက်ညီသည့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်သည့်ကိစ္စနှင့် ပတ်သက်၍ စိစစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်။
  • တိုင်းရင်းသားလက်နက်အဖွဲ့များနှင့်ပတ်သက်၍ ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးလျက်ရှိပြီး အချို့အဖွဲ့များနှင့်လည်းဆွေးနွေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိ။

Add new comment