ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး “တတိယအကြိမ်မြောက် တရုတ်-အာဆီယံ တရားရေးဖိုရမ်” တက်ရောက်

အာဆီယံနှင့်တရုတ်နိုင်ငံအကြား မိတ်ဖက်ဆောင်ရွက်မှုများ ပိုမိုလွယ်ကူတိုးတက်စေရန်နှင့် တရားရေးဆိုင်ရာအတွေ့အကြုံဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရန်အတွက် တတိယအကြိမ်မြောက် တရုတ်-အာဆီယံတရားရေးဖိုရမ်(The 3rd China-ASEAN Justice Forum) ကို ဇူလိုင်လ ၂၀ ရက်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး အွန်လိုင်းဖြင့် တက်ရောက်ခဲ့ပါသည်။

တတိယအကြိမ်မြောက် တရုတ်-အာဆီယံတရားရေးဖိုရမ်တွင်-

  • ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့တရားရုံးချုပ်မှ တရားသူကြီးချုပ် Zhou Qiang၊ အာဆီယံ ၁၀ နိုင်ငံမှ တရားသူကြီးချုပ်များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့က အဖွင့်အမှာစကားပြောကြားခဲ့။
  • တက်ရောက်လာကြသည့် အာဆီယံ ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များက ဖိုရမ်၏ ဆောင်ပုဒ်ဖြစ်သည့် “၂၁ ရာစု ပိုးလမ်းမကို ပူးတွဲတည်ဆောက်ဖို့ တရားရေးဆိုင်ရာ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကြပါစို့” နှင့်အညီ တရားစီရင်ရေးနှင့် ဆက်နွှယ်သော ဘာသာရပ်ခေါင်းစဉ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး အကြံဉာဏ်များဖလှယ်ခဲ့။
  • အဓိကအားဖြင့် “ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုကောင်းမွန်သော တရားစီရင်ရေးဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးနိုင်ရန် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီးပွားရေးနှင့်ကုန်သွယ်မှု စည်းမျဉ်းအသစ်များကို အရှိန်မြှင့်ဆောင်ရွက်ရေး”၊ “အပြည်ပြည်ဆိုင်ရာ အသိဉာဏ် ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကာကွယ်မှုတိုးတက်စေရန် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး”၊ “ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် တရားစီရင်ရေးဆိုင်ရာ အကူအညီပေးရန် နယ်စပ်ဖြတ်ကျော် အွန်လိုင်းတရားစွဲဆိုမှုကို မြှင့်တင်ရေး” တို့နှင့်စပ်လျဉ်း၍ စာတမ်းများ ဖတ်ကြားဆွေးနွေးခဲ့။
  • ဖိုရမ်သို့တက်ရောက်လာကြသည့် နိုင်ငံများက တတိယအကြိမ်မြောက် တရုတ်-အာဆီယံတရားရေးဖိုရမ်၊ နန်နင်းသဘောတူညီချက်ကို အတည်ပြုထုတ်ပြန်ခဲ့။

၎င်းဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့တရားရုံးချုပ်(Supreme People’s Court of China- SPC) က ကြီးမှူး၍ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့တရားလွှတ်တော်က ပံ့ပိုးကူညီကျင်းပခြင်းဖြစ်ပြီး ဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ တက်ရောက်ကြကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးသူဇာဦးတို့က ဖိုရမ်အစီအစဉ်များတွင် စာတမ်းများ ဖတ်ကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၇-၂၀၂၂)

  • တတိယအကြိမ်မြောက် တရုတ်-အာဆီယံတရားရေးဖိုရမ်တွင် “ဒေသတွင်းကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုကောင်းမွန်သော တရားစီရင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးနိုင်ရန် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီးပွားရေးနှင့်ကုန်သွယ်မှု စည်းမျဉ်းအသစ်များကို အရှိန်မြှင့် ဆောင်ရွက်ရေး”၊ “အပြည်ပြည်ဆိုင်ရာ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကာကွယ်မှုတိုးတက်စေရန် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး”၊ “ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် တရားစီရင်ရေးဆိုင်ရာ အကူအညီပေးရန် နယ်စပ်ဖြတ်ကျော် အွန်လိုင်းတရားစွဲဆိုမှုကို မြှင့်တင်ရေး” တို့နှင့်စပ်လျဉ်း၍ စာတမ်းများ ဖတ်ကြားဆွေးနွေးခဲ့။

Add new comment