အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံကိုယ်စားပြုတက္ကသိုလ် အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ် အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင်-
- အာဆီယံတက္ကသိုလ်အားကစားကောင်စီကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ၁၉၈၁ ခုနှစ်မှစတင်၍ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့ကြောင်း။
- အာဆီယံတက္ကသိုလ် အားကစားကောင်စီသည် အာဆီယံနိုင်ငံများအချင်းချင်း စည်းလုံးညီညွတ်မှုကို အားပေးမြှင့်တင်ပေးရန်၊ ချစ်ကြည်ရေးစိတ်ဓာတ်ရှင်သန်ရန်၊ နိုင်ငံအချင်းချင်းအကြား အပြန်အလှန်နားလည်မှုရှိရန်နှင့် အာဆီယံစိတ်ဓာတ်ရှိကြရန် အဆက်မပြတ်ကြိုးပမ်းအားထုတ်သည့်အနေဖြင့် ယခု ကဲ့သို့သော အားကစားပြိုင်ပွဲကို စဉ်ဆက်မပြတ်ကျင်းပနေခြင်းဖြစ်ကြောင်း။
- ယနေ့ကမ္ဘာတွင် အားကစားသည် ထိရောက်ကောင်းမွန်သော သံတမန်လမ်းကြောင်း တစ်ခုဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားမှုကို ပီပြင်စွာဖော်ထုတ်ပြသနိုင်ပြီး နိုင်ငံတကာချစ်ကြည်ရေးကို အားပေးမြှင့်တင်ပေးသော နည်းလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း။
- အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများမှတစ်ဆင့် အာဆီယံလူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးပြီး စည်းလုံးညီညွတ်မှုများ ရရှိလာမည်ဖြစ်သကဲ့သို့ အားကစားစွမ်းရည်များကို ထုတ်ဖော်ပြသခွင့်ရရှိလာကာ ထူးချွန်အားကစားသမားများလည်း ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း။
- တက္ကသိုလ်အားကစားသမားများအကြား သက်ဆိုင်ရာတက္ကသိုလ်များ၏ အကြောင်းအရာများနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန်လေ့လာဖလှယ်ခွင့်ရရှိလာစေမည်ဖြစ်ကြောင်း။
- ထိုင်းနိုင်ငံ၊ ဥဘွန်ရတ်ချဌာနီ၌ မကြာမီ စတင်ကျင်းပတော့မည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသည် အာဆီယံနိုင်ငံများအကြား အချင်းချင်းစည်းလုံးညီညွတ်မှုကို အားကစားဖြင့် တိုးတက်ခိုင်မာစေရန် ရည်ရွယ်၍ “စည်းလုံးညီညွတ်မှု အစဉ်တည်တံ့ဖို့ အားကစားပြိုင်ပွဲများကျင်းပစို့ (Games for Sustainability)”ဟူသည့် ဆောင်ပုဒ်ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
- ယခုကျင်းပမည့် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုတက္ကသိုလ် အားကစားသမား ၃၃ ဦးက ဘောလုံး၊ မြားပစ်၊ ပိုက်ကျော်ခြင်းနှင့် ဝူရှူးအားကစားနည်း ၄ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ကိုသိရကြောင်း။
- “ပွဲမဝင်ခင်အပြင်ကကျင်းပ” ဆိုသည့် စကားနှင့်အညီ တက္ကသိုလ်ကျောင်းသား အားကစားမောင်မယ်များအနေဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ပြီးဖြစ်၍ မိမိတို့၏ ကြိုးစားအားထုတ်မှုများကို တက္ကသိုလ် အားကစားသမိုင်းတွင် မှတ်တမ်းတင်နိုင်ရေး တက်ညီလက်ညီကြိုးစား ယှဉ်ပြိုင်သွားကြစေလိုကြောင်း။
- နိုင်ငံတကာအလယ်တွင် အမိနိုင်ငံ၏အလံတော်လွှင့်ထူ ဂုဏ်ပြုခံရခြင်းမျိုးကို နိုင်ငံသားတိုင်းက လိုလားတောင့်တကြသည့်အတွက် အားသွန်ခွန်စိုက် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း။
- အားကစားအောင်မြင်မှုများသည် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သည့်အတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး တက္ကသိုလ်အားကစားအဖွဲ့ဝင် မောင်မယ်များ၏ ပခုံးထက်တွင် ထမ်းဆောင်ထားကြရသည်ဆိုသည်ကို သတိပြုနေကြရမည်ဖြစ်ကြောင်း။
- ပြီးခဲ့သည့် ဇွန်လအတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့ကြသည့် မြန်မာအားကစားအဖွဲ့များကို နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနား ခမ်းနားစွာကျင်းပပြီး ထိုက်ထိုက်တန်တန်ဂုဏ်ပြုခဲ့ကြောင်း။
- ပြိုင်ပွဲဝင် တက္ကသိုလ်ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များအနေဖြင့် အားကစားစည်းမျဉ်းစည်းကမ်းများနှင့်အညီ အားကစားစိတ်ဓာတ် အပြည့်အဝထားရှိကာ တရားသောနည်းလမ်းများနှင့်အတူ ယှဉ်ပြိုင်အနိုင်ယူကြရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ကြပါစေ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ပေးနိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မြန်မာတက္ကသိုလ်အားကစားအဖွဲ့ခေါင်းဆောင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းထံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကိုအပ်နှင်းခဲ့ပြီး အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာတက္ကသိုလ်အားကစားအဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၇-၂၀၂၂)
- ယနေ့ကမ္ဘာတွင် အားကစားသည် ထိရောက်ကောင်းမွန်သော သံတမန်လမ်းကြောင်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားမှုကို ပီပြင်စွာဖော်ထုတ်ပြသနိုင်ပြီး နိုင်ငံတကာချစ်ကြည်ရေးကို အားပေးမြှင့်တင်ပေးသော နည်းလမ်းကောင်းတစ်ရပ်ဖြစ်။
- အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများမှတစ်ဆင့် အာဆီယံလူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးပြီး စည်းလုံးညီညွတ်မှုများ ရရှိလာမည်ဖြစ်သကဲ့သို့ အားကစားစွမ်းရည်များကို ထုတ်ဖော်ပြသခွင့်ရရှိလာကာ ထူးချွန်အားကစားသမားများလည်း ပေါ်ထွန်းလာစေမည်ဖြစ်။
- တက္ကသိုလ်အားကစားသမားများအကြား သက်ဆိုင်ရာတက္ကသိုလ်များ၏ အကြောင်းအရာများနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန်လေ့လာဖလှယ်ခွင့်ရရှိလာစေမည်ဖြစ်။
- “ပွဲမဝင်ခင်အပြင်ကကျင်းပ” ဆိုသည့် စကားနှင့်အညီ တက္ကသိုလ်ကျောင်းသားအားကစားမောင်မယ်များအနေဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြင်ဆင်ပြီးဖြစ်၍ မိမိတို့၏ ကြိုးစားအားထုတ်မှုများကို တက္ကသိုလ်အားကစားသမိုင်းတွင် မှတ်တမ်းတင်နိုင်ရေး တက်ညီလက်ညီ ကြိုးစား ယှဉ်ပြိုင်သွားကြစေလို။
- အားကစားအောင်မြင်မှုများသည် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သည့်အတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး တက္ကသိုလ်အားကစားအဖွဲ့ဝင် မောင်မယ်များ၏ ပခုံးထက်တွင် ထမ်းဆောင်ထားကြရသည်ဆိုသည်ကို သတိပြုနေကြရမည်ဖြစ်။
Add new comment