တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် တပ်မတော်သားများနှင့် တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ် များကို နိုင်ငံတကာဗဟုသုတ တိုးပွားစေရန်၊ နိုင်ငံတကာယဉ်ကျေးမှုနှင့် အသိပညာများလေ့လာသိရှိနိုင်စေရန်အတွက် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ လေ့လာရေးခရီး စေလွှတ်ခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များလေ့လာရေးအဖွဲ့သည် ဇူလိုင်လ ၁၉ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
လေ့လာရေးအဖွဲ့သည်-
- ဇူလိုင်လ ၁၅ ရက်မှ ၁၆ ရက်အထိ စင်ကာပူနိုင်ငံရှိ Garden by the Bay ဥယျာဉ်၊ Merlion ပန်းခြံနှင့် စင်ကာပူနိုင်ငံ၏ အထင်ကရနေရာ Merlion ရုပ်ထုကြီးဖြင့် မှတ်တမ်းတင်ခြင်းနှင့် စင်ကာပူအမျိုးသားတက္ကသိုလ်၊ Nayang Technological University (NTU)၊ Science Center၊ See Aquarium၊ Assumption University များသို့ သွားရောက်လေ့လာခြင်းများ။
- ဇူလိုင်လ ၁၇ ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြဘုရားအား သွားရောက်ဖူးမြော်ခြင်း၊ ငါးပြတိုက်နှင့် Madame Tussauds သို့သွားရောက် လေ့လာခြင်း၊ ကျောက်ဖရားမြစ် River City မှ ရှေးဟောင်းသမိုင်းဝင် အရုဏ်ဦး ဘုရားဆီသို့ လှေစီး၍ ဘန်ကောက်မြို့အလှရှုခင်းများအား လေ့လာခြင်းများ ဆောင်ရွက်ခဲ့။
မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ လေ့လာရေးအဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးတင်ဇော်လတ် ဦးဆောင်သော စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး၊ အမှတ်အများဆုံးရရှိသော စစ်သည် ၃ ဦး၊ အောင်ချက်အကောင်းဆုံးဆုရ ကျောင်းအုပ် ၂ ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၃၈ ဦးလိုက်ပါခဲ့ကြပြီး ဇူလိုင်လ ၁၅ ရက်မှ ၁၉ ရက်ထိ လေ့လာလည်ပတ်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၇-၂၀၂၂)
- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် မျိုးဆက်သစ်ထူးချွန်လူငယ် မောင်မယ်များကို နိုင်ငံတကာယဉ်ကျေးမှုနှင့် အသိပညာများ လေ့လာသိရှိနိုင်စေရန်အတွက် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ လေ့လာရေးခရီးစေလွှတ်ခဲ့။
- လေ့လာရေးအဖွဲ့တွင် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး၊ အမှတ်အများဆုံး ရရှိသော စစ်သည် ၃ ဦး၊ အောင်ချက်အကောင်းဆုံးဆုရ ကျောင်းအုပ် ၂ ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၃၈ ဦးလိုက်ပါကြပြီး ဇူလိုင်လ ၁၅ ရက်မှ ၁၉ ရက်အထိ လေ့လာလည်ပတ်ခဲ့။
Add new comment