ကျောက်တန်းမြို့နယ်၌ အကြမ်းဖက်သမားတစ်ဦးက အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန် လက်ပစ်ဗုံးအား ဆိုင်ကယ်ဖြင့်သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ အကြမ်းဖက်သမားတစ်ဦးက အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန် လက်ပစ်ဗုံးအား ဆိုင်ကယ်ဖြင့် သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၇ ရက်တွင် ကျောက်တန်းမြို့နယ်၊ ခနောင်ကျေးရွာအနီး၌ မောင်းနှင်နေသည့် ဆိုင်ကယ်ပေါ်မှ ပေါက်ကွဲမှုဖြစ်ပွား၍ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အသက်(၄၀)နှစ်ခန့်၊ ဝဲမျက်လုံးချို့ယွင်းနေသည့် အမျိုးသားတစ်ဦး(စိစစ်ဆဲ)အား ဝဲလက်ကောက်ဝတ်မှ ပြတ်ကာ၊ ယာလက်ချောင်းများ၊ လည်ပင်း၊ မေးစေ့နှင့် ဝဲခြေသလုံးတို့ ပေါက်ပြဲပွင့်ထွက်ဒဏ်ရာများဖြင့်‌ သေဆုံးနေပြီး ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ် ၁ စီးနှင့် အနက်ရောင်ဘေးလွယ်အိတ် တစ်လုံးတို့အား ၎င်း၏အနီးမှတွေ့ရှိရသဖြင့် အနက်ရောင်ဘေးလွယ် အိတ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အိတ်အတွင်းမှ အမျိုးအစား(စိစစ်ဆဲ) လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် ဖောက်ခွဲရှင်းလင်းခဲ့ပါသည်။

အစွန်းရောက်နိုင်ငံရေးအကြမ်းဖက်သမားများသည် ဆင်ခြင်တုံတရားနည်းပါး၍ အသိဉာဏ်မရှိဘဲ အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်သောကြောင့် ယခုကဲ့သို့ သေဆုံးမှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်အထိ သေဆုံးသူ ၄၆ ဦး၊ ဒဏ်ရာရရှိသူ ၃၆ ဦး ရှိကြောင်း တွေ့ရှိရပါသည်။ 

ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် အကြမ်းဖက်သမားနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သော စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၇-၂၀၂၂)                                  

  • ကျောက်တန်းမြို့နယ်၌ အကြမ်းဖက်သမားတစ်ဦးက အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန် လက်ပစ်ဗုံးအား ဆိုင်ကယ်ဖြင့် သယ်ဆောင်လာစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ သေဆုံးခဲ့။

Add new comment