Kaung For You ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

NUG အကြမ်းဖက်အဖွဲ့၏ စီမံမှုဖြင့် အွန်လိုင်းမှတစ်ဆင့် စာသင်ကြားမည့် Kaung For You တရားမဝင်ကျောင်း၏ ကျောင်းတာဝန်ခံနှင့် အပေါင်းအပါနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် တရားမဝင်မီဒီယာအချို့အပါအဝင် Social Media များတွင် Kaung For You နှင့်ပတ်သက်သည့် ဝန်ထမ်း အဖြစ် လျှောက်ထားမယ့်သူများ၊ ကျောင်းသားမိဘများကို လက်ရှိနေရာအသီးသီးမှ ထွက်ပြေးတိမ်းရှောင်ရန် ခြောက်လှန့်လုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး ဆောင်ရွက်သွားမည့်အခြေအနေများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်မှာ-

  • မိမိတို့အစိုးရအနေဖြင့် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းအားလုံးဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့သလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင်လည်း ကျောင်းများဖွင့်လှစ်ပေးခဲ့ကြောင်း။
  • ထိုကဲ့သို့ ဆောင်ရွက်နေချိန်တွင် NUG အမည်ခံ အကြမ်းဖက်အဖွဲ့အစည်း၏ သွေးထိုးလှုံ့ဆော်မှုကြောင့် အချို့သော ဆရာ၊ ဆရာမများ CDM လုပ်ခဲ့ကြကြောင်း။
  • သို့ရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးထိခိုက်မှုမရှိစေရေးအတွက် အစိုးရအနေဖြင့်  CDM  ဆရာ၊ ဆရာမအချို့အား နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းနှင့်အညီ ပြန်လည်လက်ခံခဲ့မှုများရှိခဲ့ကြောင်း။
  • အချို့မှာ ယခုထိ အွန်လိုင်းပညာရေးကဲ့သို့ ကိစ္စရပ်များဆောင်ရွက်၍ ငွေကြေးကောက်ခံမှုများ၊ ငွေရေးကြေးရေးအရ အခက်အခဲရှိရင်တောင်မှ ကျောင်းသားများနှင့် ကျောင်းသားမိဘများ၏ အချက်အလက်များ ၎င်းတို့လက်ထဲမှာရှိတယ်ဆိုပြီး မပေးပေးအောင် ခြိမ်းခြောက်မှုများရှိနေကြောင်း။
  • ထိုကဲ့သို့သွေးထိုးလှုံ့ဆော်မှုများ၊ ခြောက်လှန့်မှုများကြောင့် ကျောင်းတက်ခဲ့ရသည့် ကျောင်းသားများ၊ ကျောင်းအပ်ခဲ့ရတဲ့ ကျောင်းသားမိဘများကို မိမိတို့အနေဖြင့် အရေးယူဖို့ မရှိကြောင်းကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ပြောလိုကြောင်း။
  • Kaung For You ဆိုသည့်အဖွဲ့သည် ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံကာ ကောက်ခံရရှိသည့်ငွေများကို အခကြေးငွေပေးပြီး အမျိုးသမီးများနှင့်ပျော်ပါးသည့်နေရာတွင်အသုံးပြုခဲ့ကြောင်းကို ဓာတ်ပုံအထောက်အထားများနှင့်တကွ မိမိတို့အနေဖြင့် ဖော်ပြပြီးဖြစ်ကြောင်း။
  • ၎င်းကိစ္စနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများက သူရဲကောင်းကြီးများသဖွယ် ဖော်ပြရေးသားနေပြီး ကျောင်းသားမိဘများနှင့် ကျောင်းသားများကို ဆက်လက်၍သိမ်းသွင်းနေကြောင်း၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားများကို အစိုးရက ဖမ်းဆီးလိမ့်မည်ဟုဆိုကာ လှုံ့ဆော်နေကြောင်း။
  • အဲဒါကိုအခွင့်ကောင်းစောင့်ဆိုင်းနေသော EAO အဖွဲ့က ပိုပြီးဆိုးရွားလာကာ PDF အမည်ခံ အကြမ်းဖက်သမားများကလည်း ၎င်းတို့ဆီကိုလာပြီး ခိုလှုံပါဆိုပြီး သိမ်းသွင်းလျက်ရှိကြောင်း။
  • ၎င်းတို့ထိုကဲ့သို့ လုပ်ရသည့်အကြောင်းအရင်းမှာ နံပါတ် ၁ အချက်အနေဖြင့် ၎င်းတို့ ၏ မဟုတ်တာလုပ်တာတွေကို မိမိတို့အနေဖြင့် ဖော်ထုတ်နိုင်ခဲ့ပြီး သက်သေအထောက်အထားများနှင့် ချပြနိုင်ခဲ့ခြင်းကြောင့် ၎င်းတို့အနေဖြင့် ဒါကိုပြန်ပြီး အဖတ်ဆယ်ခြင်းဖြစ်ကြောင်း၊ နံပါတ် ၂ အချက်အနေဖြင့် ၎င်းတို့တွင် အင်အားနည်းပါးနေမှု၊ ပြိုကွဲနေမှုတွေရှိပြီး ၎င်းတို့မဟုတ်တာတွေ လုပ်နေတာကို ပြည်သူတွေသိပြီးတဲ့နောက်မှာ ပြည်သူတွေအနေနဲ့ ၎င်းတို့ကိုဆန့်ကျင်လာသည့်အခြေအနေများကို အဖတ်ဆယ်နိုင်ရန်အတွက်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ယခုအချိန်တွင် ၅၀၅ ဖြင့် တရားစွဲခံထားရသူများ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၌ လမ်းမှားရောက်နေသည့် ရာဇဝတ်မှုမကျူးလွန်ထားသူများကို ပြန်လည်လက်ခံပြီး မိဘလက်ထဲသို့ ပြန်လည်အပ်နှံလျက်ရှိရာ ၂၅၀ ဦးခန့် ရှိပြီဖြစ်ကြောင်း၊  တပ်မတော်အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု၊ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာအာမခံထားတာရှိကြောင်း၊ ထို့ကြောင့် Kaung For You ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြောရမည်ဆိုပါက ၎င်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သူများ၊ ဦးစီးဦးဆောင်လုပ်နေသူများနှင့် လူငယ်များကို လမ်းမှားရောက်အောင်တွန်းပို့နေသည့် လူများမှအပ သွေးဆောင်ဖြားယောင်း ခံရသည့် မိဘများနှင့် ကျောင်းသားများကို အရေးယူရန် မရှိကြောင်း၊  မိဘများအနေဖြင့်လည်း မိမိတို့သားသမီးများ၏ ပညာရေး၊ မိမိ၏ မိသားစုအရေးကို နည်းမှန်၊ လမ်းမှန်ဖြင့် ဆောင်ရွက်ကြရန် အသိပေးပြောကြားလိုကြောင်း ဖြေကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၇-၂၀၂၂)

  • Kaung For You ဆိုသည့်အဖွဲ့သည် ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံကာ ကောက်ခံရရှိသည့်ငွေများကို အခကြေးငွေပေးပြီး အမျိုးသမီးများနှင့်ပျော်ပါးသည့် နေရာတွင်အသုံးပြုခဲ့ကြောင်းကို ဓာတ်ပုံအထောက်အထားများနှင့်တကွ မိမိတို့အနေဖြင့် ဖော်ပြပြီးဖြစ်။
  • Kaung For You ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သူများ၊ ဦးစီးဦးဆောင်လုပ်နေသူများနှင့် လူငယ်များကို လမ်းမှားရောက်အောင်တွန်းပို့နေသည့် လူများမှအပ သွေးဆောင်ဖြားယောင်းခံရသည့် မိဘများနှင့် ကျောင်းသားများကို အရေးယူရန်မရှိကြောင်း၊  မိဘများအနေဖြင့်လည်း မိမိတို့သားသမီးများ၏ ပညာရေး၊ မိမိ၏ မိသားစုအရေးကို နည်းမှန်၊ လမ်းမှန်ဖြင့် ဆောင်ရွက်ကြရန် အသိပေးပြောကြားလို။

Add new comment