ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ အမှုဆောင်ကော်မတီ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား တက်ရောက်

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)၏ အမှုဆောင်ကော်မတီရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၇ ရက်တွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က-

  • အမှုဆောင်ကော်မတီကို ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၁) နှင့် (၂)၊ အထွေထွေအတွင်းရေးမှူးတို့အပါအဝင် အမှုဆောင်ကော်မတီဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များကို အောင်မြင်စွာစနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမှုဆောင်ကော်မတီဝင်များမှ လုပ်ငန်းကော်မတီ ၉ ခု ထပ်မံဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း။
  • ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ပြန်လည်ခွင့်ပြုနေပြီဖြစ်သဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီများအနေဖြင့် မှန်မှန်ကန်ကန်လုပ်ဆောင်ကြရန်လိုကြောင်း၊ လုပ်ငန်းကော်မတီအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းပြီး အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။
  • ပြည်ပသို့ အလုပ်သမားများ တရားဝင်စေလွှတ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မတိုင်မီထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၃၁၄ ခု၊ (ထိုင်း) လိုင်စင်ရအေဂျင်စီ ၁၁၄ ခု ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဇူလိုင်လ ၁၄ ရက်အထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ကြီး ၂၉ ခု၊ (ထိုင်း) လိုင်စင် ၂၈ ခု၊ စုစုပေါင်း ၅၇ ခု ထုတ်ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် အေဂျင်စီ ၃၄၃ ခုရှိကြောင်း။
  • ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကတ်များကို မြောက်ဒဂုံမြို့နယ်၊ ပင်လုံသင်တန်းကျောင်းတွင် နေ့စဉ်တနင်္လာနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအတွက် လူဦးရေ ၈၀၀ ၊ အခြားနိုင်ငံများအတွက် ၂၀၀ ၊ မိမိအစီအစဉ်များအတွက် ၁၀၀ ၊ စုစုပေါင်း ၁,၁၀၀ ခန့်ဖြင့် ခွင့်ပြုထုတ်ပေးလျက် ရှိကြောင်း။
  • ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ တစ်ဆင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများကို ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေး) တို့တွင် ဇွန်လ ၁ ရက်မှစ၍ တစ်ပတ်လျှင် (၃) ကြိမ်၊ ရန်ကုန်၌ တစ်ကြိမ်လျှင် လူဦးရေ ၅၀၀ ခန့်၊ မန္တလေး၌ တစ်ကြိမ်လျှင် ၇၀၀ ခန့် ပို့ချပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ၂၀၂၀-၂၀၂၁ သက်တမ်း အမှုဆောင်ကော်မတီဝင်များ နှုတ်ထွက်ကြောင်းကြေညာပြီး၊ ရွေးကောက်ပွဲကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌက အမှုဆောင်ကော်မတီရွေးချယ်တင်မြှောက်ပွဲ ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ရွေးချယ်ခံမည့် ကိုယ်စားလှယ်များကို မိတ်ဆက်ပြီး အမှုဆောင်ကော်မတီဝင် ၂၅ ဦးကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန် အသင်းသားများက ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းတို့ ဆောင်ရွက်ပြီး အစီအစဉ်အတိုင်း ရွေးချယ်ခြင်းခံရသည့် အမှုဆောင်ကော်မတီဝင် ၂၅ ဦး အမည်စာရင်းကို ကြေညာခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၇-၂၀၂၂)

  • မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)၏ အမှုဆောင်ကော်မတီရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ရွေးချယ်ခံမည့် ကိုယ်စားလှယ်များကို မိတ်ဆက်ပြီး အမှုဆောင်ကော်မတီဝင် ၂၅ ဦးကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန် အသင်းသားများက ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းတို့ဆောင်ရွက်ပြီး အစီအစဉ်အတိုင်း ရွေးချယ်ခြင်းခံရသည့် အမှုဆောင် ကော်မတီဝင် ၂၅ ဦး အမည်စာရင်းကို ကြေညာခဲ့။

Add new comment