နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Novosibirsk State University နှင့် Higher Military Command School တို့သို့ သွားရောက်လေ့လာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁၆ ရက်တွင် စိန့်ပီတာစဘတ်မြို့၊ ပူကောဗာအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် Novosibirsk မြို့၊ Tolmachevo လေဆိပ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Novosibirsk State University သို့ ရောက်ရှိကြရာ တက္ကသိုလ်မှ ပါမောက္ခချုပ် Dr. Mikhail Petrovich Fedoruk နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး သိပ္ပံနှင့်နည်းပညာဘာသာရပ်အလိုက် သုတေသန တွေ့ရှိချက်ဆိုင်ရာ ပြခန်းများ၊ ဓါတုဗေဒ၊ ရူပဗေဒ၊  အသုံးချသင်္ချာနှင့် သတင်းအချက်အလက် နည်းပညာဘာသာရပ်၊ ဇီဝဗေဒ၊ ဘူမိဗေဒဆိုင်ရာ ဖော်ထုတ်တွေ့ရှိချက်များ၊ ခေတ်မီနည်းပညာဖြင့် နောင်တစ်ချိန် ကမ္ဘာပေါ်တွင်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို ကြိုတင်တွက်ချက်ထားရှိမှု ဖော်ထုတ်ချက်များ၊ ဓာတ်ခွဲခန်း သုတေသနခန်းနှင့် စာသင်ခန်းများကို လှည့်လည်ရှင်းလင်းပြသခဲ့ကြပါသည်။

တက္ကသိုလ်အစည်းအဝေးခန်းမတွင် Novosibirsk State University ၏ စာပေသင်ကြားပို့ချပေးနေမှုဆိုင်ရာ Video File ကို ဖွင့်လှစ်ပြသခဲ့ပြီး ပါမောက္ခချုပ်က  တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ နိုင်ငံခြားသင်တန်းသားများကို လက်ခံသင်ကြားပေးနေမှုများ၊ အဆင့်မြင့်ဘွဲ့လွန်ပညာသင်တန်းများ၏ သင်ရိုးညွှန်းတမ်း အလိုက် သင်ကြားဆောင်ရွက်မှု အစီအစဉ်များ၊ ကျောင်းသားကျောင်းသူများ နေထိုင်ရေးအတွက် အဆောင်နှင့် အားကစားရုံများ ထည့်သွင်းတည်ဆောက်ထားရှိမှုများ၊ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများ လာရောက်တက်ရောက်မည်ဆိုပါကလည်း အသင့်ကြိုဆိုမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ရှင်းလင်းဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများအား စိစစ်ရွေးချယ်မှုအတွက် အရည်အချင်းသတ်မှတ်ချက်များ၊ မြန်မာနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် သင်တန်းသားများ စေလွှတ်တက်ရောက်ပညာသင်ကြားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးပြောကြားခဲ့ပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Higher Military Command School သို့ သွားရောက်လေ့လာကြည့်ရှုကြရာ ကျောင်းအုပ်ကြီး Major General Markochin Segeri Gregorivich နှင့် တာဝန်ရှိသူများက ခင်မင်ရင်းနှီးစွာကြိုဆိုနှုတ်ဆက်ကြပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်တာဝန်ထမ်းဆောင်ခဲ့ကြသည့် သူရဲကောင်းဆုတံဆိပ်ရရှိသူများကို ဂုဏ်ပြုထားသည့် သူရဲကောင်းရုပ်တုများအား ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြုကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းအတွင်းရှိ လက်နက်ငယ်ပစ်ခတ်မှု Simulator ခန်းမ၌ သင်တန်းသားများ ပစ်ခတ်စဉ် လေ့ကျင့်နေမှုများနှင့် ရုရှားတပ်မတော်မှ ထုတ်လုပ်ထားသည့် လက်နက်များနှင့် လက်နက်ချိန်ဆိုဒ်များကို ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် န်ကြီးချုပ်အား ရုရှားတပ်မတော်တွင် နှစ်ပေါင်း ၈၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ရုရှားတပ်မတော်ထုတ် သမိုင်းဝင်လက်နက်ချိန်ဆိုဒ်ကို အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်ခဲ့ပါသည်။

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Novosibirsk မြို့ အစိုးရအဖွဲ့အကြီးအကဲက တည်ခင်းဧည့်ခံသည့်ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၇-၂၀၂၂)

  • နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား Novosibirsk State University မှ တာဝန်ရှိသူများက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ နိုင်ငံခြားသင်တန်းသားများကို လက်ခံသင်ကြားပေးနေမှုများ၊ အဆင့်မြင့်ဘွဲ့လွန်ပညာသင်တန်းများ၏ သင်ရိုးညွှန်းတမ်းအလိုက် သင်ကြား ဆောင်ရွက်မှုအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့။
  • နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Higher Military Command School အတွင်းရှိ လက်နက်ငယ်ပစ်ခတ်မှု Simulator ခန်းမ၌ သင်တန်းသားများ ပစ်ခတ်စဉ်လေ့ကျင့်နေမှုများနှင့် ရုရှားတပ်မတော်မှ ထုတ်လုပ်ထားသည့် လက်နက်များနှင့် လက်နက်ချိန်ဆိုဒ်များကို ကြည့်ရှု လေ့လာခဲ့။

Add new comment