ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက-

  • ရွေးကောက်ပွဲတွင် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်အထိ ၁၈ လတာ သတ်မှတ်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ပေးရမည့် အရေအတွက် လျာထားသတ်မှတ် ဆောင်ရွက်ခဲ့ကြောင်း။
  • ယခု ၁၅ လကြာကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ် ၉ ခုသည် တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များသည်လည်း လုံခြုံရေးကန့်သတ်ချက်အရ နေရာဒေသအနည်းငယ်သာ ဆောင်ရွက်ပေးရန် ကျန်ရှိနေခြင်းဖြစ်ကြောင်း။
  • ယခုထပ်မံ၍ ပန်းခင်းစီမံချက်အဆင့် (၂) ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ၁၇ လကြာသတ်မှတ်၍ ယင်းကာလအတွင်း အသက် ၁၈ နှစ်ပြည့်လာမည့် နိုင်ငံသားများအတွက် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ဆက်စပ်ဌာနများ ပေါင်းစပ်ဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ကြီးဌာန၏ နိုင်ငံသားကတ်ထုတ်ပေးမှုနှင့် အိမ်ထောင်စုလူဦးရေစာရင်းသည် အဓိကကျသည့် အထောက်အထား၊ အချက်အလက်များဖြစ်ကြောင်း။
  • မိမိတို့ဌာန၊ မြို့နယ်ရုံးများရှိ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) ပါအချက်အလက်များအပေါ် မူတည်၍ ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းပြီး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးကာ မှန်ကန်သည့်မဲစာရင်းကို ပြုစုဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
  • ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံသားနံပါတ်များ ထပ်ခြင်း၊ မှားခြင်း၊ အိမ်ထောင်စု စာရင်းများ ကွဲလွဲနေခြင်းတို့အား ဌာန၏ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပြီး လုပ်ငန်းအားလုံးသည် သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့။

အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြို့နယ်ရုံးအသီးသီးမှ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းပါ အချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များ ပေးပို့ပြီးစီးမှုနှင့် e-ID စနစ်လုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လုပ်ငန်းဆိုင်ရာ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါ သည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၆-၇-၂၀၂၂)

  • ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့။
  • ယခု ၁၅ လကြာကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ် ၉ ခုသည် တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး လုံခြုံရေးကန့်သတ်ချက်အရ နေရာဒေသအနည်းငယ်သာ ဆောင်ရွက်ပေးရန်ကျန်ရှိ။
  • ထပ်မံ၍ ပန်းခင်းစီမံချက်အဆင့် (၂) ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ၁၇ လ ကြာသတ်မှတ်၍ ယင်းကာလအတွင်း အသက် ၁၈ နှစ်ပြည့်လာမည့် နိုင်ငံသားများအတွက် လျာထားဆောင်ရွက်သွားမည်ဖြစ်။

Add new comment