နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State University နှင့် Peterhof (နွေရာသီနန်းတော်)တို့သို့ သွားရောက်လေ့လာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင်လ ၁၄ ရက်တွင် စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State University နှင့် အထင်ကရနေရာတစ်ခုဖြစ်သည့် Peterhof (နွေရာသီနန်းတော်)သို့ သွားရောက်လေ့လာခဲ့ပါသည်။

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Polytechnic State University သို့ ရောက်ရှိကြရာ တက္ကသိုလ်မှပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး တက္ကသိုလ်အဝန်းအဝိုင်း ပုံစံငယ်များဖြင့် အဆောက်အဦနေရာချထားမှုအခြေအနေများ၊ ဘာသာရပ်အလိုက် သင်ကြားနိုင်သည့်အခြေ အနေများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ပါမောက္ခချုပ်က သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ နည်းပညာတက္ကသိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်လိုသည့် အခြေအနေများ၊ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံမှ ပညာတော်သင်သင်တန်းသားများ စေလွှတ်ဆောင်ရွက်ခဲ့မှုကို အခြေခံ၍ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်လိုသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

အဆိုပါရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် လက်ရှိပညာတော်သင် သင်တန်းသားအရာရှိ အများအပြား တက်ရောက်လျက်ရှိသည့်အခြေအနေများနှင့် Polytechnic State University သို့လည်း သင်တန်းသားများ စေလွှတ်သင်ကြားသွားမည်ဖြစ်သည့်အခြေအနေများ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Polytechnic State University အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်မှ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် ကုန်ရေနှစ်သွယ်သွားရေယာဉ်၏ စွမ်းဆောင်နိုင်မှုများ၊ ကွန်ပျူတာအလုံးရေ တစ်သောင်းကျော်၏ စွမ်းဆောင်ရည်နှင့် ညီမျှသည့် Super Computer အသုံးပြု၍ တွက်ချက်မှုမှန်သမျှကို လုပ်ဆောင်နိုင်သည့်အခြေအနေများနှင့် သတ္တုထုတ်လုပ်မှုအလုပ်ရုံတို့ လုပ်ဆောင်နိုင်မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Peterhof (နွေရာသီနန်းတော်)သို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပါသည်။

အဆိုပါနန်းတော်ကြီးကို ဆွီဒင်နိုင်ငံနှင့် ရုရှားနိုင်ငံကြား စစ်ပွဲတွင် ရုရှားက အနိုင်ရရှိပြီးနောက် ရုရှားနိုင်ငံ၏ အင်အားကြီးမားကြောင်းကို ပြသရန်အတွက် အချိန် ၁၀ နှစ်တိတိ ဆောက်လုပ်ခဲ့ကြောင်း၊ ၁၉၉၀ ခုနှစ်တွင် သမိုင်းဝင်နေရာတစ်ခုအဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုခဲ့ကြောင်း၊ ရေပန်းရုပ်တုများနှင့် ရေပန်းပေါင်း ၁၇၃ ခုရှိပြီး ရွှေရောင်ရုပ်တုကြီးများကို အသက်ဝင်လှပအောင် ထုလုပ်ထားကြောင်း၊ ဘုရင်ကြီး ပီတာအနေဖြင့် နန်းတော်ကြီးကို နွေရာသီသုံးနန်းတော်အဖြစ် အသုံးပြုခဲ့ကြောင်း၊ ၁၉၅၀ ပြည့်နှစ်တွင် နန်းတော်နှင့် ပန်းခြံအတွင်းရှိ ရေပန်းများကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ပိုမိုကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်းနှင့် အဆိုပါ နန်းတော်ကြီးကို နွေရာသီရောက်မှသာလျှင် ဖွင့်လှစ်ပြသလေ့ရှိကြောင်း သိရှိရပါသည်။

နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် တပ်မတော်အရာရှိကြီးများ၏ဇနီးများနှင့် အဖွဲ့ဝင်များ၊ ထူးချွန်ဆုရ အမျိုးသား၊ အမျိုးသမီးအရာရှိ များသည်လည်း စိန့်ပီတာစဘတ်မြို့ရှိ ပါလီမန်အဆောက်အဦ၊ Onegin ပန်းချီအရောင်းဆိုင်နှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၆-၇-၂၀၂၂)

  • နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁၄ ရက်တွင် စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State University နှင့် Peterhof (နွေရာသီနန်းတော်)တို့သို့ သွားရောက်လေ့လာခဲ့။
  • နိုင်ငံတော်ဝန်ကြီးချုပ်က စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State University သို့ သင်တန်းသားများ စေလွှတ်သင်ကြားသွားမည်ဖြစ်သည့်အခြေအနေများ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့။

Add new comment