နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ PJSC “Kazan Helicopters” ထုတ်လုပ်ရေးအလုပ်ရုံနှင့် HIMGRAD Industrial Complex တို့သို့ လေ့လာကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇူလိုင်လ ၁၃ ရက်တွင် Republic of the Tatarsan၊ ကာဇန်မြို့ရှိ Kazan Aircraft Production Association နှင့် HIMGRAD Industrial Complex တို့သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား PJSC “Kazan Helicopters” ထုတ်လုပ်ရေးအလုပ်ရုံ မန်နေဂျင်းဒါရိုက်တာ Mr. Vladimir Ginsburg နှင့် တာဝန်ရှိသူများက ရဟတ်ယာဉ်ထုတ်လုပ်မှုအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က Simulator ဖြင့် ရဟတ်ယာဉ်စမ်းသပ်မောင်းနှင်ခန်း၌ ကိုယ်တိုင်စမ်းသပ်မောင်းနှင်ခဲ့ပါသည်။

အဆိုပါ PJSC “Kazan Helicopters” ထုတ်လုပ်ရေးအလုပ်ရုံသည် ၁၉၄၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ ယနေ့အချိန်ကာလအထိ Mi-4၊ Mi-8၊ Mi-14၊ Mi-17 နှင့် Ansat အမျိုးအစား ရဟတ်ယာဉ်ပေါင်း ၁၂,၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ သို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းနှင့် Kazan ရဟတ်ယာဉ် ထုတ်လုပ်ရေးအလုပ်ရုံသည် ၁၉၄၅ ခုနှစ်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်ပေါင်း ၂၇ ခုကျော် ရရှိထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် HIMGRAD Industrial Complex သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက HIMGRAD Industrial Complex အတွင်း လုပ်ကိုင်ကြသည့် စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်ထားသည့် ကုန်ကြမ်းပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဆေးပစ္စည်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ၊ လျှပ်စစ်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာနှင့် ဆေးဝါးထုတ်လုပ်မှုဆိုင်ရာပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်နေမှု၊ ဖြန့်ဖြူးမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုသည့် UAV ထုတ်လုပ်ရေးအလုပ်ရုံ၊ စစ်ဘက်သုံးသယ်ယူပို့ဆောင်ရေးနှင့် စစ်မြေပြင်သုံးကျည်ကာပို့ဆောင်ရေးယာဉ်၊ အင်ဂျင်များထုတ်လုပ်ထားရှိမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာ ထုတ်လုပ်သည့် Organic plant သို့ ရောက်ရှိလေ့လာခဲ့ပြီးနောက် ညပိုင်းတွင် တာတာစတန်ပြည်နယ်၊ ကာဇန်မြို့၊ ကာဇန်လေဆိပ်မှတစ်ဆင့် စိန့်ပီတာစဘတ်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ တာတာစတန်ပြည်နယ်မှ တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းနှင့် စိန့်ပီတာစဘတ်မြို့၊ ပူကောဗာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၇-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါ၍ Republic of the Tatarsan ကာဇန်မြို့ရှိ Kazan Aircraft Production Association နှင့် HIMGRAD Industrial Complex တို့သို့ သွားရောက်လေ့လာကြည့်ရှုခဲ့။
  • Kazan ရဟတ်ယာဉ်ထုတ်လုပ်ရေးအလုပ်ရုံသည် ၁၉၄၅ ခုနှစ်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်ပေါင်း ၂၇ ခုကျော် ရရှိထား ပြီးဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုသည့် UAV ထုတ်လုပ်ရေးအလုပ်ရုံ၊ စစ်ဘက်သုံးသယ်ယူပို့ဆောင်ရေးနှင့် စစ်မြေပြင်သုံးကျည်ကာပို့ဆောင်ရေးယာဉ်၊ အင်ဂျင်များထုတ်လုပ်ထားရှိမှုတို့ကို ကြည့်ရှုလေ့လာခဲ့။

Add new comment