ဆားလင်းကြီးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက်တွင် ဆားလင်းကြီးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့သော်လည်း မီးလောင်မှုကြောင့် အဆောက်အဦအတွင်းရှိ မဲရုံသုံးပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများသည် အစိုးရအုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၊ အဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်လျက်ရှိသော ကြောင့် ပြည်သူလူထုတစ်ရပ်လုံးက ၎င်းတို့ကို ရွံရှာမုန်းတီးလျက်ရှိပါသည်။

သို့ဖြစ်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၂)

  • ဆားလင်းကြီးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအား မီးရှို့ဖျက်ဆီးသွားခဲ့ရာ အဆောက်အဦအတွင်းရှိ မဲရုံသုံးပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့။

Add new comment