ပြည်လမ်းနှင့် ဗားကရားလမ်းထောင့်၊ မြေနီကုန်း ခုံးကျော်တံတားအောက်ရှိ ယာဉ်ထိန်းကင်းရုံအား PDF အကြမ်းဖက်သမားများက လက်ပစ်ဗုံးများဖြင့် လာရောက်ပစ်ခတ်

ဇူလိုင်လ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ပြည်လမ်းနှင့် ဗားကရားလမ်းထောင့်၊ မြေနီကုန်းခုံးကျော်တံတားအောက်ရှိ ယာဉ်ထိန်းကင်းရုံအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက 5 Star CP ကြက်ကြော် ဆိုင်အနီးမှ လက်ပစ်ဗုံး ၃ လုံးဖြင့် ရမ်းသမ်းပစ်ပေါက်၍ ပြည်လမ်းအတိုင်း ထွက်ပြေးသွားခဲ့ပြီး အဆိုပါပစ်ခတ်မှုကြောင့် မအေးပြည့်ပြည့်ဇော် (ခ) ပပဝင်းမှာ သေဆုံးခဲ့ပြီး မောင်ဝေဖြိုးမောင်၊ မောင်ထက်အောင်လင်း၊ မောင်ထက်မြတ်အောင်၊ မောင်စည်သူစိုး၊ ဒေါ်ပပ၊ မစိုးစန္ဒာဝင်း၊ မောင်ဝေယံဦး၊ ဦးရဲလင်းအောင်၊ မဖြိုးမော်နိုင်နှင့် မအိမွန်ခိုင်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပါသည်။

အဆိုပါဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်နေရာတစ်ဝိုက်အား စစ်ဆေးမှုများဆောင်ရွက်စဉ် လက်ပစ်ဗုံးတစ်လုံးအား ထပ်မံတွေ့ရှိရသဖြင့် အများပြည်သူများ ထိခိုက်မှုမရှိစေရေး အတွက် သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံရေးအစွန်းရောက် PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူပိုင်အဆောက်အဦများ၊ လမ်းတံတားများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာ များအား မီးရှို့ဖျက်ဆီးခြင်း၊ ဘုရားကျောင်းကန်၊ စေတီပုထိုးများနှင့် ပြည်သူလူထုအား အကာအကွယ်ယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ခြိမ်းခြောက်ခြင်းနှင့် ရက်စက်စွာဖမ်းဆီးသတ်ဖြတ်ခြင်းအပါအဝင် လူစည်ကားသည့်နေရာများတွင် ဆင်ခြင်မဲ့စွာ ဗုံးခွဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေသည့်အပေါ်  အများပြည်သူအနေဖြင့် လက်မခံနိုင်ဘဲ ပြင်းထန်စွာကန့်ကွက်ရှုတ်ချလျက်ရှိပါသည်။

 ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁-၂၀၂၂)

  • ပြည်လမ်းနှင့် ဗားကရားလမ်းထောင့်၊ မြေနီကုန်းခုံးကျော်တံတားအောက်ရှိ ယာဉ်ထိန်း ကင်းရုံအား PDF အကြမ်းဖက်သမားများက လက်ပစ်ဗုံးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးမှာ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့။

Add new comment