နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan သို့ ရောက်ရှိ၊ သမ္မတနှင့်တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် စစ်သံမှူးဗိုလ်မှူးချုပ်မိုးကျော်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင်လ ၁၃ ရက် တွင် Republic of the Tatarstan၊ ကာဇန်မြို့၊ ကာဇန်လေဆိပ်သို့ ရောက်ရှိကြရာ Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် တာဝန်ရှိသူတို့က ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Republic of the Tatarstan သမ္မတတို့သည် သမ္မတရုံးရှိ ဧည့်ခန်းမဆောင်၌ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား အပြန်အလှန်မိတ်ဆက်ပေးပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တွေ့ဆုံဆွေးနွေးကြရာ ရုရှား-မြန်မာ သံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ရေးဆိုင်ရာများ၊ Republic of the Tatarstan သမ္မတအနေဖြင့် မြန်မာနိုင်ငံသို့ ယခုနှစ်ဧပြီလတွင်ရောက်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ နှစ်ဦးနှစ်ဖက်ဆက်ဆံမှုတိုးမြင့်ရေးအတွက် ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့တွင် မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများတည်ဆောက်ခြင်း၊ စက်ပစ္စည်းများ တပ်ဆင်ထိန်းသိမ်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား Republic of the Tatarstan သမ္မတက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံကာ အတူတကွညစာသုံးဆောင်ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် စစ်ဘက်နယ်ဘက်၊ အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး Republic of the Tatarstan သမ္မတနှင့်အတူ ဝန်ကြီးများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၂)

  • နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Republic of the Tatarstan သမ္မတတို့သည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ရေးဆိုင်ရာများ၊ Republic of the Tatarstan သမ္မတအနေဖြင့် မြန်မာနိုင်ငံသို့ ယခုနှစ်ဧပြီလတွင်ရောက်ရှိခဲ့ပြီး စီးပွားရေး ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများတည်ဆောက်ခြင်း၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment