ချမ်းမြသာစည်မြို့နယ်၌ ဘဏ်မှငွေကျပ်သိန်း ၄,၈၀၀ ထုတ်ယူလာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမား ၄ ဦးက သေနတ်ဖြင့်ပစ်ခတ်ကာ ငွေများအား လုယက်ယူဆောင်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ဇူလိုင်လ ၁၁ ရက်တွင် ဘဏ်မှ ငွေကျပ်သိန်း ၄,၈၀၀ ထုတ်ယူလာသည့်မော်တော်ယာဉ်အား အကြမ်းဖက်သမား ၄ ဦးက သေနတ်ဖြင့်ပစ်ခတ်ကာ ငွေများအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ငွေထုတ်ပြန်လာသူများအနက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရ ပါသည်။

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနှင့် ၅၀ လမ်းထောင့်နေ ဦးအောင်ကျော်ဦး (၆၁)နှစ်သည် မိသားစုဝင် ၇ ဦးနှင့်အတူ ၎င်းပိုင် MDY 9Q-6272 SUZUKI Ertiga  အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ “MAB မြန်မာ့ရှေ့ဆောင်” ဘဏ်မှ ငွေကျပ်သိန်း ၄,၀၀၀ နှင့် ၆၂ လမ်း၊ ၁၁၃ လမ်းနှင့် ၁၁၄ လမ်းကြားရှိ CB ဘဏ်တို့မှ ငွေကျပ်သိန်း ၈၀၀ တို့အား သွားရောက်ထုတ်ယူပြီး နေအိမ်သို့ပြန်လာစဉ် နေအိမ်ရှေ့အရောက်၌ ၎င်းတို့၏အနောက်မှ လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးက အရှေ့မှပိတ်ရပ်ကာ အဆိုပါယာဉ်ပေါ်မှ အကြမ်းဖက်သမား  ၄ ဦးက ဦးအောင်ကျော်ဦးတို့စီးနင်းလာသည့် မော်တော်ယာဉ်အား မောင်းနှင်လာသည့် ၎င်း၏သမီးဖြစ်သူ မခင်ရတနာအောင် (၂၀)နှစ်ကို သေနတ်ဖြင့်တစ်ချက်ပစ်ခတ်ကာ ယာဉ်ပေါ်ပါသူများအား ယာဉ်ပေါ်မှဆွဲချ၍ Ertiga မော်တော်ယာဉ်နှင့် ယာဉ်ပေါ်တင်ဆောင်လာသည့် ငွေကျပ်သိန်း ၄,၈၀၀ တို့အား လုယူထွက်ပြေးသွားခဲ့သဖြင့် မခင်ရတနာအောင်တွင် ဝဲချိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့သော်လည်း ရရှိထားသောဒဏ်ရာဖြင့်‌ သေဆုံးခဲ့ပါသည်။

NUG လက်အောက်ခံ PDF အကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် NUG အဖွဲ့ထံမှ ငွေကြေးထောက်ပံ့မှုမရရှိခြင်းနှင့် NUG အကြမ်းဖက်အဖွဲ့က တော်လှန်ရေးရန်ပုံငွေ အမည်ခံအလှူငွေများကို အလွဲသုံးစားပြုလုပ်ပြီး ပြန်လည်ခွဲဝေပေးမှုမရှိခြင်းတို့ကြောင့် အေးချမ်းစွာနေထိုင်သော ပြည်သူ လူထုထံမှ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ငွေတောင်းခံခြင်းများ ပြုလုပ်လာသည့်အပြင် ကြီးမားသောရာဇဝတ်မှုဖြစ်သည့် ဓားပြတိုက်လုယက်မှုများအား ပိုမိုပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ လုယက်ယူဆောင်သွားခဲ့သည့် Ertiga မော်တော်ယာဉ်အား လမ်း ၅၀ နှင့် ၁၀၇ လမ်းထောင့်၌ ရပ်တန့်ထားသည်ကိုတွေ့ရှိရသဖြင့် ယာဉ်အတွင်းစစ်ဆေးရှာဖွေခဲ့စဉ် ယာဉ် အတွင်းမှ ပလပ်စတစ်အိတ်အနက်ရောင်ဖြင့် ထုပ်ထားသည့် ငွေကျပ်သိန်း ၈၀၀ ခန့်အား ပြန်လည်တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

(မြဝတီသတင်းစာ ၁၃-၇-၂၀၂၂)

  • ချမ်းမြသာစည်မြို့နယ်၌ ဘဏ်မှ ငွေကျပ်သိန်း ၄,၈၀၀ ထုတ်ယူလာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမား ၄ ဦးက သေနတ်ဖြင့်ပစ်ခတ်ကာ ငွေများအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ငွေထုတ်ပြန်လာသူများအနက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့။

 

 

Add new comment