နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်တွင်  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ပြီး  ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားခဲ့ရာတွင်-

  • ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာပြဿနာများနှင့် လူသားအားလုံးဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစိုက်မိလာစေရန်ရည်ရွယ်၍ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း။
  • ကမ္ဘာပေါ်တွင်ကြုံတွေ့နေရသည့်  လူဦးရေဆိုင်ရာပြဿနာအချို့ကို မီးမောင်းထိုးပြလိုကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇,၉၀၀ ကျော်ရှိရာမှ မကြာမီကာလတွင် သန်း ၈,၀၀၀ ပြည့်တော့မည်ဖြစ်ကြောင်း။
  • လူဦးရေသန်း ၈,၀၀၀ ပြည့်လာခြင်းသည် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် လူ့သက်တမ်းပိုမိုရှည်လာခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုလျော့ကျလာခြင်းတို့ကြောင့်ဖြစ်ကြောင်း။
  • ကမ္ဘာပေါ်၌ ကလေးမွေးဖွားစဉ် မိခင်အမျိုးသမီးများ သေဆုံးကြသည့်ဖြစ်စဉ်များ ရှိနေဆဲဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် မွေးကင်းစကလေးငယ် သေဆုံးနှုန်းသည်လည်း မြင့်မားနေဆဲဖြစ်ကြောင်း။
  • ကမ္ဘာ့လူဦးရေသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ထိ နှစ်စဉ်  ပျမ်းမျှ ၁ ရာခိုင်နှုန်းဖြင့် တိုးပွားနေသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်းသည့်နိုင်ငံများတွင် လူဦးရေတိုးပွားနှုန်းတူညီမှုမရှိသည်ကို တွေ့ရကြောင်း။
  • လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ(၅၅)သန်းကျော်ရှိပြီး အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် (၂)သန်းကျော် ပိုများသည်ကိုတွေ့ရကြောင်း။
  • အမျိုးသမီးတစ်ဦးသည် ယေဘုယျအားဖြင့် ကလေး(၂) ယောက်နှုန်းခန့်သာ မွေးဖွားနေခြင်းဖြစ်၍ မြန်မာနိုင်ငံ၏ ကလေးမွေးနှုန်းသည် မိဘနှစ်ပါးကို ပြန်လည်အစားထိုးသည့် Replacement level fertility သို့ရောက်ရှိနေပြီဟု ဆိုနိုင်ကြောင်း။
  • ယခင်ဆယ်စုနှစ်များက ကလေးမွေးနှုန်းမြင့်မားခဲ့ခြင်း၏ အကျိုးဆက်အဖြစ် လက်ရှိအချိန်တွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်အင်အားများပြားနေခြင်းကြောင့် လူဦးရေဆုလာဘ်ရရှိနေချိန်ဖြစ်ကြောင်း။
  • နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများတွင် လူငယ်များ၏အင်အားကို ထိထိမိမိအသုံးချနိုင်ရန်၊ နယ်မြေဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နိုင်သူလူဦးရေကို ထည့်သွင်းစဉ်းစားရန်နှင့် ၎င်းတို့၏ပညာအရည်အချင်းနှင့်ကိုက်ညီမည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ်ကြောင်း သိရှိနားလည်သည်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း။
  • မိမိတို့နိုင်ငံအတွက် လူဦးရေဆုလာဘ်ရရှိချိန်သည် ၂၀၆၀ ပြည့်နှစ်ဝန်းကျင်အထိ သာရရှိနိုင်မယ်ဟု ခန့်မှန်းထားခြင်းကြောင့် ရေတို/ရေရှည်စီမံကိန်းများတွင် မှန်ကန်သည့် မူဝါဒများ၊ အစီအစဉ်များကို ကြိုတင်မျှော်တွေးစီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • ၂၀၆၀ ပြည့်နှစ်နောက်ပိုင်းတွင် သက်ကြီးရွယ်အိုများပြားပြီး လုပ်သားအင်အား ရှားပါးသည့်ပြဿနာကို ရင်ဆိုင်ကြရမည့်အခြေအနေရှိလာမည်ဖြစ်သည့်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေး စနစ်အားကောင်းလာစေရန် ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း။
  • မွေးဖွားနှုန်းကျဆင်းခြင်းသည် မြန်မာနိုင်ငံ၏ နေရာဒေသအားလုံး၊ မတူညီသော အုပ်စုများအားလုံးအတွင်း တစ်ပြေးညီကျဆင်းနေခြင်းမဟုတ်ဘဲ မညီမျှမှုများဖြစ်ပေါ်နေဆဲဖြစ်ကြောင်း။
  • မညီမျှမှုများကိုလျှော့ချနိုင်ရန် မျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်ပေးပြီး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကျား/မ တန်းတူညီမျှရေးတို့ကို အလေးထားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
  • ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူခဲ့သည့် လူဦးရေနှင့် ကျန်းမာရေးစစ်တမ်းအရ အသက် ၁၅ နှစ်မှ ၄၉ နှစ်အထိ အိမ်ထောင်ရှင် အမျိုးသမီးများ၏ ၉၇ ရာခိုင်နှုန်းသည် ခေတ်မီသားဆက်ခြားခြင်း  နည်းလမ်းများနှင့်ပတ်သက်၍ အသိပညာဗဟုသုတရှိကြသော်လည်း အသုံးပြုနိုင်မှု သည် ၅၁ ရာခိုင်နှုန်းသာရှိနေသည်ကိုတွေ့ရကြောင်း။
  • ခေတ်မီသားဆက်ခြားနည်းလမ်းများ အသုံးပြုလိုသော်လည်း  အသုံးပြုနိုင်ခြင်းမရှိသေးသည့် ရာခိုင်နှုန်းသည် (၁၆)ရာခိုင်နှုန်းရှိသည်ကိုတွေ့ရပြီး ထိုသို့သော မိသားစုစီမံကိန်းနှင့် အလှမ်းဝေးသည့်ဒေသများတွင် ကလေးမွေးနှုန်းမြင့်မားသောဒေသများ ဖြစ်နေသည်ကိုတွေ့ရကြောင်း။
  • မိသားစုစီမံကိန်း၊ သားဆက်ခြားနှင့် မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးရာတွင် ပိုမိုလိုအပ်သည့်ဒေသများ၊ အုပ်စုများနှင့် လိုအပ်သူများအားလုံး လက်လှမ်းမီစေရန် ကျန်းမာရေးဝန်ကြီးဌာနကဦးဆောင်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ညှိနှိုင်းပြီး ထိရောက်စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • အမျိုးသမီးများ၏ အလုပ်လုပ်ကိုင်မှုနှင့်ပတ်သက်၍ ၂၀၁၉ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေ ၁၀၀ တွင် ၅၂ ဦးခန့်သာ အလုပ်လုပ်နေခြင်းဖြစ်၍  နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးများ၏ လုပ်အားကို အပြည့်အဝအသုံးမချနိုင်သေးသည်ကို တွေ့ရကြောင်း။
  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကိုဗစ်-၁၉ ကာလကြာရှည်စွာ ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အနေအထားများအပေါ် ရေရှည်အကျိုးသက်ရောက်နိုင်မှုများရှိလာနိုင်မည်ကို ကြိုတင်ခန့်မှန်းတွက်ချက်ထားပြီး ကိုဗစ်-၁၉ ကြောင့် သက်ကြီးရွယ်အိုများ၊  မသန်စွမ်းများ၊ နာတာရှည်ရောဂါသည်များနှင့် အမျိုးသမီးများ စသည့်ထိခိုက်လွယ်အုပ်စုများကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆက်လက်စီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
  • ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ခြင်းနှင့်  မိခင်နှင့်ကလေး သေနှုန်းလျှော့ချခြင်း၊ အာဟာရချို့တဲ့မှုလျှော့ချခြင်းနှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကို တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • မိမိနိုင်ငံအတွက် လူဦးရေဆုလာဘ်ရရှိနေချိန်တွင် တိုးပွားလာသည့် လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်  မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှု လျော့ပါးသက်သာလာချိန်တွင် ပြန်လည်ကုစားရေးအစီအစဉ်များကို ဆောင်ရွက်ပြီး ရရှိလာသည့်အခွင့်အရေးကို မိမိရရဆုပ်ကိုင်နိုင်အောင် ကြိုးပမ်းကြရန်  တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ NGO များ၊ သံတမန်များနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

(မြဝတီသတင်းစာ ၁၂-၇-၂၀၂၂)

  • အမျိုးသမီးတစ်ဦးသည် ယေဘုယျအားဖြင့် ကလေး(၂)ယောက်နှုန်းခန့်သာ မွေးဖွားနေခြင်းဖြစ်၍ မြန်မာနိုင်ငံ၏ ကလေးမွေးနှုန်းသည် မိဘနှစ်ပါးကို ပြန်လည်အစားထိုးသည့် Replacement level fertility သို့ရောက်ရှိနေပြီဟု ဆိုနိုင်။
  • ယခင်ဆယ်စုနှစ်များက ကလေးမွေးနှုန်း မြင့်မားခဲ့ခြင်း၏ အကျိုးဆက်အဖြစ် လက်ရှိအချိန်တွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်အင်အားများပြားနေခြင်းကြောင့် လူဦးရေဆုလာဘ်ရရှိနေချိန်ဖြစ်။
  • နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများတွင် လူငယ်များ၏အင်အားကို ထိထိမိမိအသုံးချနိုင်ရန်၊ နယ်မြေဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နိုင်သူလူဦးရေကို ထည့်သွင်းစဉ်းစားရန်နှင့် ၎င်းတို့၏ ပညာအရည်အချင်းနှင့်ကိုက်ညီမည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ်ကြောင်း သိရှိနားလည်သည်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီမံဆောင်ရွက်လျက်ရှိ။
  • မိမိတို့နိုင်ငံအတွက် လူဦးရေဆုလာဘ်ရရှိချိန်သည် ၂၀၆၀ ပြည့်နှစ်ဝန်းကျင်အထိသာရရှိနိုင်မယ်ဟု ခန့်မှန်းထားခြင်းကြောင့် ရေတို/ရေရှည်စီမံကိန်းများတွင် မှန်ကန်သည့်  မူဝါဒများ၊ အစီအစဉ်များကို ကြိုတင်မျှော်တွေးစီမံဆောင်ရွက်ကြရမည်ဖြစ်။

Add new comment