မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို ဝါဆိုလပြည့်နေ့ဖြစ်သည့် ဇူလိုင်လ ၁၂ ရက်တွင် ကျင်းပပြုလုပ်ရာ သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနဿရ၊ တိပိဋကဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ(ဓမ္မဒူတဆရာတော်)တို့ အမှူး ပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthodox ဘုန်းတော်ကြီး၊ လားမားဘုန်းတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊  အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ Konstantin Losifovich   Kosachev၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့အစည်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရ အရာရှိများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ၊ မြန်မာ့တပ်မတော်မှ ပညာတော်သင်သင်တန်းသားအရာရှိများ၊ ရုရှား-မြန်မာချစ်ကြည်ရင်းနှီးမှုပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ဧည့်သည်တော်များ၊ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းမှ ဧည့်သည်တော်များ၊ မော်စကိုထေရဝါဒဗုဒ္ဓအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ သံရုံးများမှ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ၊ ဗုဒ္ဓဘာသာဝင် ရုရှားနိုင်ငံသားများ တက် ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်သို့ ပင့်ဆောင်တပ်ဆင်ပူဇော်၍ သံဃာတော်အရှင်သူမြတ်များက ရွှေစည်းခုံပုံတူစေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝမ်းမြောက်ကြောင်းလျှောက်ထားရာတွင်-

· ရွှေစည်းခုံပုံတူစေတီတော် ကြီးကို ဗုဒ္ဓဘာသာသာသနာတော်ကြီး ကမ္ဘာတည်သရွေ့ ထွန်းလင်းတည်တံ့နေစေရန်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးတွင် ပိုမိုတိုးတက်လာစေရန်၊ အရှေ့တိုင်းဗုဒ္ဓယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကိုပြသရန် ရည်ရွယ်၍ တည်ထားခဲ့ခြင်းဖြစ်ကြောင်း။

· ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုစာရင်းဝင် ပုဂံမြို့တွင်တည်ရှိသည့် မူလရွှေစည်းခုံစေတီတော်မြတ်ကြီးကို အနော်ရထာမင်းတရားကြီးက ရှင်အရဟံမထေရ်မြတ်၏ ဩဝါဒခံယူ၍ လွန်ခဲ့သည့် ၉၆၃ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အနော်ရထာမင်း နတ်ရွာစံတော်မူပြီးနောက် သားတော်ကျန်စစ်သားမင်းက ဆက်လက် တည်ဆောက်ခဲ့ပြီး လွန်ခဲ့သည့် ၉၃၂ ခုနှစ်ခန့်တွင် ပြီးမြောက်ခဲ့ကြောင်း။

· စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးခဲ့သည့်နှစ်အထိ နှစ်ပေါင်း ၃၁ နှစ်ကြာ တည်ဆောက်ခဲ့ပြီး ပုဂံရှိ နှစ်ထပ်စေတီတော် ၄၅ ဆူအနက် တစ်ဆူအပါအဝင်ဖြစ်ကြောင်း၊ ထိုသို့သော သမိုင်းအစဉ်အလာနှင့် ယဉ်ကျေးမှုအစဉ်အလာထူးကဲပြည့်စုံသည့် ရွှေစည်းခုံစေတီတော်မြတ်ကြီးကို ရုရှားနိုင်ငံတွင် လာရောက် တည်ထားခြင်းသည်  ရုရှား-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း။

· ရုရှားနိုင်ငံနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်တွင် မြန်မာထေရဝါဒဗုဒ္ဓစင်တာကျောင်းတော်ကြီးကို တည်ထောင်နိုင်ခဲ့ကြောင်း၊ ရုရှားနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ တရားအားထုတ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းမှုဖြင့် သဒ္ဓမ္မဇောတိက သိမ်တော်ကြီးနှင့် ရွှေတိဂုံစေတီပုံတူအထွတ်တင်စေတီကို မြန်မာနိုင်ငံမှ သံဃာတော်အရှင်သူမြတ်များပင့်ဆောင်၍ ပန္နက်ချမင်္ဂလာဆောင်ရွက်နိုင်ခဲ့ကြောင်း။

· ၂၀၂၁ ခုနှစ် ဇွန်လတွင် မိမိနှင့်အတူ အစိုးရအဖွဲ့ကိုယ်စားလှယ်များက ရွှေတိဂုံစေတီပုံတူအထွတ်တင်စေတီကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခဲ့ပြီး သဒ္ဓမ္မဇောတိက သိမ်တော်ကြီးကို ရေစက်ချလှူဒါန်းနိုင်ခဲ့ပါကြောင်း။

· အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ပေးသည့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲနှင့်တာဝန်ရှိသူများ၊ သံအမတ်ကြီးများနှင့် သံရုံးမိသားစုဝင်များ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ETHNOMIR ကမ္ဘာ့ ယဉ်ကျေးမှုမြို့တော်မှ တာဝန်ရှိသူများ၊ စေတီတော်ကြီးဖြစ်မြောက်ရေးအတွက် လှူဒါန်းခဲ့ကြသည့် ရပ်နီး၊ရပ်ဝေးမှ စေတနာရှင် အလှူရှင်များ၊ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း လျှောက်ထားတင်ပြခဲ့ပါသည်။

ထို့နောက် ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအောင်ပွဲ အထိမ်းအမှတ်နှင့် ကမ္ဗည်းမော်ကွန်းကျောက်စာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ရုရှားရှုခင်းပန်းချီပညာရှင် Mr. Alexander Alexandrovich Shilov က ၎င်းကိုယ်တိုင်ရေးဆွဲထားသည့် နိုင်ငံတော်ဝန်ကြီးချုပ်၏ ပုံတူပန်းချီကားချပ်ကို အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ အခမ်းအနားတက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်သည် တော်ကြီးများသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မြန်မာ့တပ်မတော်မှ ပညာတော်သင်သင်တန်းသားအရာရှိများအား ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍-

· ဗုဒ္ဓသာသနာတော်ကြီး ထွန်းကားပြန့်ပွားစေရန်နှင့် ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်စေရန် စေတီတော်ကြီးကို တည်ဆောက်ပူဇော်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

· ရေခြား၊ မြေခြားတွင် ကာလရှည် သင်တန်းတက်ရောက်နေကြသည့် အရာရှိများဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကိုလည်း မှန်မှန်ကန်ကန်သိရှိရန်လိုအပ်မည်ဖြစ်ကြောင်း။

· တပ်မတော်သားများသည် ပြည်သူကြားမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး တပ်မတော်သည် တိုင်းပြည်၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းရေးကို ခိုင်ခိုင်မာမာဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

· ၁၉၈၈ ခုနှစ်၌ ပြည်သူလူထုအနေဖြင့် တစ်ပါတီအုပ်ချုပ်မှုကို မကြိုက်မနှစ်သက်ခြင်း၊ စီးပွားရေးကျဆင်းခြင်းတို့ကြောင့် တိုင်းပြည်၌ မငြိမ်မသက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းအခြေအနေအပေါ် နိုင်ငံရေးအဖွဲ့အစည်းများ ပြည်ပနိုင်ငံများ၏ မြှောက်ပင့်သွေးထိုးမှုများကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးတော့မည့် အခြေ အနေသို့ ရောက်ရှိလာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်း။

· ပြည်သူလူထုတစ်ရပ်လုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် အစဉ်အဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီ ပထမအကြိမ်ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရတစ်ရပ်တက်လာခဲ့ကာ တပ်မတော်နှင့် လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

· ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် ဒီမိုကရေစီအစိုးရသစ်တစ်ရပ်တက်လာခဲ့ပြီး နိုင်ငံရေးအရ အသုံးချ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနယ်ပယ်တို့တွင် ဥပဒေကို လက်တစ်လုံးခြားအသုံးချခြင်းများ လုပ်ဆောင်လာခဲ့သည်ကိုတွေ့ခဲ့ရပြီး ရွေးကောက်ပွဲမတိုင်မီ လှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တို့တွင်လည်း မသမာသော နည်းလမ်းများဖြင့် အနိုင်ရရှိနိုင်ရေးလုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း။

· မဲသမာမှုများကို ရှင်းလင်းဆောင်ရွက်ပေးရန် တပ်မတော်က တာဝန်ရှိသူအစိုးရအဖွဲ့သို့ ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းလာခဲ့သောကြောင့် တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း။

· ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းခိုင်မာရေးအတွက်သာဖြစ်ပြီး ထိုလမ်းကြောင်းပေါ်မှ သွေဖည်စေမည်မဟုတ်ကြောင်း၊ တပ်မတော်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။

· တိုင်းပြည်တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများပေါ်ထွက်ရေးသည် အဓိကအရေးကြီးဆုံးဖြစ်သဖြင့် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပညာတော်သင် သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးသည့်အတတ်ပညာများကို အလေးအနက်ထား သင်ယူ သွားကြရန်လိုအပ်ပြီး အမြဲမပြတ်လေ့လာအားထုတ်နေကြရမည်ဖြစ်ကြောင်း။

· နိုင်ငံတော်နှင့် တပ်မတော်မှ ငွေကြေးအရင်းအနှီး၊ အချိန်အရင်းအနှီးများစွာကုန်ကျထားပြီး ပညာတော်သင်စေလွှတ်ပေးထားခြင်းဖြစ်သဖြင့် မိမိတို့၏ တစ်ဦးချင်းအတွက်၊ တပ်မတော်အတွက်၊ တိုင်းပြည်အတွက် အားကိုးအားထားရသည့် ပညာတတ်လူသားအရင်းအမြစ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တာတာစတန်ပြည်နယ် သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ၏ ဖိတ်ကြားမှုအရ အလုပ်သဘောချစ်ကြည်ရေးခရီးစဉ်အဖြစ် မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် တာတာ စတန်ပြည်နယ်၊ ကာဇန်မြို့၊ ကာဇန်လေဆိပ်သို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

(မြဝတီသတင်းစာ ၁၃-၇-၂၀၂၂)

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနားသို့ သီတဂူဆရာတော် ဘုရားကြီးနှင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthodox ဘုန်းတော်ကြီး၊ လားမားဘုန်းတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူခဲ့
  • ရွှေစည်းခုံပုံတူစေတီတော်ကြီးကို ဗုဒ္ဓဘာသာသာသနာတော်ကြီး ကမ္ဘာတည်သရွေ့ ထွန်းလင်းတည်တံ့နေစေရန်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးတွင် ပိုမိုတိုးတက်လာစေရန်၊ အရှေ့တိုင်းဗုဒ္ဓယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကိုပြသရန် ရည်ရွယ်၍ တည်ထားခဲ့ခြင်းဖြစ်။
  • ရုရှား ရှုခင်းပန်းချီပညာရှင် Mr. Alexander Alexandrovich Shilov က ၎င်းကိုယ်တိုင်ရေးဆွဲထားသည့် နိုင်ငံတော်ဝန်ကြီးချုပ်၏ ပုံတူပန်းချီကားချပ်ကို အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ခဲ့။
  • ပြည်သူလူထုတစ်ရပ်လုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် အစဉ်အဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီ ပထမအကြိမ်ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာခဲ့ကာ တပ်မတော်နှင့် လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့။
  • ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် ဒီမိုကရေစီအစိုးရသစ်တစ်ရပ်တက်လာခဲ့ပြီး နိုင်ငံရေးအရ အသုံးချ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနယ်ပယ်တို့တွင် ဥပဒေကို လက်တစ်လုံးခြား အသုံးချခြင်းများ လုပ်ဆောင်လာခဲ့သည်ကို တွေ့ခဲ့ရ။
  • တပ်မတော်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ။

 

 

Add new comment