ကျောက်တံခါးမြို့နယ်၌ ဆေးကုသရန်သွားသည့် သားအမိ ၂ ဦး PDF အကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ်နင်းမိုင်းအား နင်းမိပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိ

ပဲခူးတိုင်းဒေသကြီး၊‌ ကျောက်တံခါးမြို့နယ်၌ ဇူလိုင်လ ၉ ရက်တွင် ဆေးကုသရန်သွားသည့် သားအမိ ၂ ဦး PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲကာ ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရှိရပါသည်။

ဇူလိုင်လ ၉ ရက်တွင် ရွှေကျင်မြို့နယ်၊ ကျွန်းကြီးကျေးရွာနေ မချစ်သက်သက်အောင်(ခ)အငယ်မ(၂၆)နှစ်သည် ကျန်းမာရေးမကောင်းသော ၎င်း၏သားဖြစ်သူ မောင်အောင်ဆန်းလင်း(၄)နှစ်အား ဆေးကုသရန်အတွက် ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာရှိ တိုက်နယ်ဆေးရုံသို့သွားရောက်စဉ် လှေတန်းကျွန်းကြီးကျေးရွာ ကူးတို့ဆိပ်အနီးသို့အရောက်၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်နင်းမိုင်းတစ်လုံးအားနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မောင်အောင်ဆန်းလင်း(၄)နှစ်တွင် ဝဲ/ယာခြေထောက်နှစ်ချောင်း ဒူးအောက်မှပြတ်ကာ၊ မိခင်ဖြစ်သူ မချစ်သက်သက်အောင်(ခ)မအငယ်မ၏ မျက်နှာ၌ မိုင်းစထိမှန် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိပါသည်။

PDF အကြမ်းဖက်သမားများသည် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ၎င်းတို့နှင့်မမြင်မတူသူများအား ဒလန်ဟုစွပ်စွဲ၍ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများအပြင် အေးချမ်းစွာနေထိုင်ကြသော အပြစ်မဲ့ပြည်သူများအား သေကြေစေရန် မိုင်းထောင်ခြင်းများ ကျူးလွန် နေခြင်းကို ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီး၍ ဆန့်ကျင်လျက်ရှိပါသည်။

အထက်ပါဖြစ်စဉ်တွင် မိုင်းထောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၇-၂၀၂၂)

  • ကျောက်တံခါးမြို့နယ်၌ ဆေးကုသရန်သွားသည့် သားအမိ ၂ ဦး PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲကာ (၄) နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့။

Add new comment