ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ရှိ ယာယီတိုက်ပွဲရှောင်စခန်းများမှ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ယာယီတိုက်ပွဲရှောင်စခန်းများတွင် နေထိုင်လျက်ရှိသည့် ကဇူးကိုင်းကျေးရွာအုပ်စုနှင့် ဒါးလက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ နေရပ်ပြန်မည့် ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၅၁ စုတို့အတွက် ထောက်ပံ့ငွေများ၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ တာဝန်ရှိသူများက ဇူလိုင်လ ၆ ရက်တွင်  အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင်များက လက်ခံရယူခဲ့ကြပါသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် ဘာသာရေးကျောင်း ၆ ကျောင်း၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နေအိမ်ထိခိုက်ပျက်စီးသည့် အဆောက်အအုံ ၁၄၂ လုံးတို့အတွက် ထောက်ပံ့ငွေကျပ် ၂၉၃ သိန်း၊ သွပ်အချပ် ၄,၆၀၀၊ ဘိလပ်မြေအိတ် ၂,၃၀၀၊ ဘာသာရေးကျောင်းများရှိ ယာယီ စစ်ဘေးရှောင်ပြည်သူများနှင့် နေရပ်ပြန်ပြည်သူများအတွက် ဆန် ၂၂၅ အိတ်နှင့် ၁၂ ပြည်၊ ဆီ ၁၇၈ ပိဿာနှင့် ဆား ၅၉၄ ထုပ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၁၅,၈၃၀,၀၀၀ နှင့် Family Kit အစုံ ၄၀ တို့ကို ဇူလိုင်လ ၉ ရက်တွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ကယားပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာဘာသာရေး ခေါင်းဆောင်များနှင့် ရပ်ကွက်ကျေးရွာများမှ ရပ်မိရပ်ဖများက လက်ခံရယူခဲ့ကြပါသည်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၇-၂၀၂၂)

  • ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်စခန်းများတွင်နေထိုင်လျက်ရှိသည့် ယာယီစစ်ဘေးရှောင်ပြည်သူများနှင့် နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်စားသောက်ကုန်ပစ္စည်းများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့။

Add new comment