အာဆီယံဒေသတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများ ထောက်ပံ့ရေးကွန်ရက်တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ညှိနှိုင်းအစည်းအဝေးကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) တို့ ပူးပေါင်း၍ အာဆီယံဒေသတွင်းမိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ ထောက်ပံ့ရေးကွန်ရက်တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၈ ရက်တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ Hybrid ပုံစံဖြင့် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က-

  • ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်အထိ မိုင်းထိပြည်သူတစ်ဦးလျှင် နှစ်သိန်းနှုန်းဖြင့် ၆၉၂ ဦးအတွက် မိုင်းထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် ၁၃၈,၄၀၀,၀၀ဝ တိတိကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း။
  • မြန်မာနိုင်ငံသည် Anti-Personnel Mine Ban Convention (APMBC) အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း မိုင်းအန္တရာယ်ဆိုင်ရာလုပ်ငန်းစဉ်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း။
  • မိုင်းအန္တရာယ်ဆိုင်ရာလုပ်ငန်းစဉ်တို့ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့်ဆက်စပ်ပြီး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မိုင်းအန္တရာယ်ဆိုင်ရာလုပ်ငန်းစဉ်များသည် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ချိတ်ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) မှ တာဝန်ရှိသူများ၊ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူများ တက်ရောက်ကြပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၇-၂၀၂၂)

  • ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်အထိ မိုင်းထိ ပြည်သူတစ်ဦးလျှင် နှစ်သိန်းနှုန်းဖြင့် ၆၉၂ ဦးအတွက် မိုင်းထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် ၁၃၈,၄၀၀,၀၀ဝ တိတိကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်။

Add new comment