၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီးသွားရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ သိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးသည် ကြီးကြပ်သူ ဆရာ၊ ဆရာမများ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပါသည်။

  • ဇူလိုင်လ ၄ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် တာဝန်ရှိသူများက ထူးချွန်ကျောင်းသားကျောင်းသူများအား လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများအဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြဘုရားသို့လည်းကောင်း၊ Siam Paragon ရှိ Siam Ocean World သို့လည်းကောင်း၊ Madame Tussauds Museum သို့လည်းကောင်း၊ Asiatique သို့လည်းကောင်း သွားရောက်လေ့လာလည်ပတ်ခဲ့။
  • ဇူလိုင် ၅ ရက်တွင် ထိုင်းနိုင်ငံရှိ ASSUMPTION University နှင့် ပတ္တယားကမ်းခြေတို့သို့ သွားရောက်၍ ပတ္တယားကမ်းခြေတွင် အပန်းဖြေကြကာ ပတ္တယား ရေပေါ်ဈေးနှင့် တောင်ပေါ်ဘုရားများသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာ၍ Baiyoke Tower ပေါ်တွင် ဘန်ကောက်မြို့၏ ညရှုခင်းကို ကြည့်ရှုခံစားခဲ့။
  • ဇူလိုင် ၆ ရက်တွင် ထိုင်းနိုင်ငံမှ   စင်ကာပူနိုင်ငံသို့ ဆက်လက်သွားရောက်ခဲ့ကြရာ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ပြီးနောက် Gardens by the Bay သို့ သွားရောက်လည်ပတ်ခဲ့ကြ။
  • ဇူလိုင်လ ၇ ရက်တွင် စင်ကာပူနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည်များ အများဆုံးသွားရောက်လည်ပတ်သည့်နေရာများဖြစ်ကြသော  Sentosa Beach, Palawan Beach နှင့်   Siloso Beach တို့သို့လည်းကောင်း၊ Universal Studios Singapore ၊ Science Center Singapore သိပ္ပံပြတိုက်၊ Nanyang Technological University-NTU ၊ Vivo  City နှင့် Time Capsule တို့သို့လည်းကောင်း လေ့လာကြည့်ရှုပြီးနောက်  Singapore Flyer စီးနင်း၍  စင်ကာပူတစ်မြို့လုံး၏ ညအလှရှုခင်းကို ခံစားကြည့်ရှုခဲ့။
  • ဇူလိုင်လ ၈ ရက်တွင် စင်ကာပူမြစ်ဘေးရှိ Boat Quay ၊ Fullerton Hotel နှင့် Asian Civilisations Museum အကြားရှိ Mirror Balls ၊ စင်ကာပူနိုင်ငံ၏ အထိမ်းအမှတ်ဖြစ်သည့် Merlion ရုပ်တုပန်းခြံ၊ East Coast Park  ပန်းခြံ၊ IKEA ဈေးဝယ်စင်တာ၊   ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Jewel Changi Airport တို့သို့ ရောက်ရှိလေ့လာခဲ့ကြပြီးနောက် ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ထွက်ခွာခဲ့ရာ အဆိုပါနေ့ ည ၁၀ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့။

လေ့လာရေးခရီးမှ ပြန်လည်ရောက်ရှိလာသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအဖွဲ့အား ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နွေးထွေးစွာကြိုဆိုခဲ့ကြပြီး ဇူလိုင်လ ၉ ရက် တွင် ၎င်းတို့ကို မိဘရပ်ထံပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ ခရီးစဉ်အား ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံ အတွေ့အကြုံကောင်းများရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေးတို့အတွက် စီစဉ်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၇-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ သိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးသည် ကြီးကြပ်သူ ဆရာ၊ ဆရာမများ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြ။
  • အဆိုပါ ခရီးစဉ်အား ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံအတွေ့အကြုံကောင်းများရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေးတို့အတွက် စီစဉ် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်။

Add new comment