တပ်မတော်မှ နိုင်ငံတော်သို့ ၂,၇၈၉ ဒသမ ၂၅ ကာရက်ရှိပတ္တမြားကြီး လှူဒါန်းခြင်း အခမ်းအနားကျင်းပ

တပ်မတော်မှ နိုင်ငံတော်သို့ ၂,၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီး လှူဒါန်းခြင်းအခမ်းအနားကို ဇူလိုင်လ ၇ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏မိဘ ဘိုးဘွားများလက်ထက်က ထိန်းသိမ်းထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့ကြောင်း။
  • အဆိုပါပတ္တမြားကို တာဝန်ရှိသူများဖြင့် စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက်တန်သည့် ပတ္တမြားဖြစ်သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း။
  • အလားတူပင် ၁၉၉၀ ပြည့်နှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် နိုင်ငံတော်သို့ ၄၉၆ ကာရက်ရှိပတ္တမြားလှူဒါန်းမှုအား လက်ခံရရှိခဲ့ကြောင်း။
  • ၂၀၁၃ ခုနှစ်တွင် ၁,၉၀၇ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို့ လှူဒါန်းမှု လက်ခံရရှိခဲ့ကြောင်း။
  • ယခုလှူဒါန်းသည့် ပတ္တမြားကြီးသည် ၂,၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားမှာ ကြီးမားသဖြင့် နိုင်ငံတော်ပတ္တမြား(နစကပတ္တမြား)အဖြစ် ဂုဏ်ပြုသတ်မှတ်ခေါ်ဝေါ်မည်ဖြစ်ကြောင်း။
  • အဆိုပါ ပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး အပြစ်အနာအဆာကင်းစင်ကာ မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ရှားပါးသော ပတ္တမြားဖြစ်သည့်အတွက် လှူဒါန်းသည့်လူငယ်ကိုလည်း ထိုက်တန်သည့် ချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ယခု တပ်မတော်မှတစ်ဆင့် နိုင်ငံတော်သို့ လှူဒါန်းသည့် ၂,၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးသည် မာခြင်းအဆင့် ၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိကြောင်း၊ အရောင်မှာ ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင်(Red With Purplish tint) ဖြစ်ပြီး မိုးကုတ်ရတနာနယ်မြေမှ ထွက်ရှိသည့် အရွယ်အစားကြီးမား၍ ရှားပါးခြင်းကြောင့် ထူးခြားသည့် ပတ္တမြားကြီးဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၇-၂၀၂၂)

  • တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီး လှူဒါန်းခြင်းအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့။
  • နိုင်ငံတော်နှင့်တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏မိဘဘိုးဘွားများလက်ထက်က ထိန်းသိမ်းထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းခဲ့။
  • အဆိုပါပတ္တမြားကြီးသည် ၂,၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားမှာ ကြီးမားသဖြင့် နိုင်ငံတော်ပတ္တမြား(နစကပတ္တမြား)အဖြစ် ဂုဏ်ပြုသတ်မှတ်ခေါ်ဝေါ်မည်ဖြစ်။
  • ပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး မာခြင်းအဆင့် ၉၊ သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိ၍ အရောင်မှာ ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင်(Red With Purplish tint) ဖြစ်ပြီး မိုးကုတ်ရတနာနယ်မြေမှ ထွက်ရှိသည့် အရွယ်အစားကြီးမား၍ ရှားပါးခြင်းကြောင့် ထူးခြားသည့် ပတ္တမြားကြီး ဖြစ်

Add new comment