နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၇ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီစနစ်ကို ဖော် ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရန် အဓိကလိုအပ်သည့်အတွက် တစ်နိုင်ငံလုံး တိုင်းရင်းသားဒေသများပါမကျန် ပညာရည်မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်ရည်ရွယ်၍ ယခုကဲ့သို့ ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးမှုအတွက် အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့။
- ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူးနှင့်အတူ တွဲဖက်အတွင်းရေးမှူး(၂) ကျာယာကုပ်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကျာဖူးတို့ တက်ရောက်ခဲ့ကြပါသည်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ သည် ဇူလိုင်လ ၆ ရက်တွင် လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိခဲ့ကြရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့်စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍လည်းကောင်း ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၇-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့်ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရန် အဓိကလိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့။
- လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်ရည်ရွယ်၍ ယခုကဲ့သို့ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှုအတွက် အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို တင်ပြခဲ့။
Add new comment