ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံဝန်ထမ်းများအား လစာပေးရန် ထုတ်ယူလာသည့် ငွေများအား PDF အကြမ်းဖက်သမားများက ဓားပြတိုက်လုယက်ယူဆောင်

ဇူလိုင်လ ၅ ရက်တွင် ပခုက္ကူမြို့နယ်၊ ပန်းတိုင်းချုံကျေးရွာ၌ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် Myanmar Effort အထည်ချုပ်စက်ရုံ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ အဆိုပါကျေးရွာနေ ဦးဖြိုးမင်းကျော် (၃၁)နှစ်သည် စက်ရုံမှဝန်ထမ်းများအား လစာပေးနိုင်ရေးအတွက် ပခုက္ကူမြို့၊ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၂,၆၀၀ အား ၎င်း၏ကိုယ်ပိုင် မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းသွားရောက်ထုတ်ယူပြီး ကျေးရွာသို့ ပြန်လာစဉ် PDF အကြမ်းဖက်သမား ၆ ဦးခန့်မှ လက်နက်များကိုယ်စီဖြင့် ဦးဖြိုးမင်းကျော်၏ယာဉ်အား တားဆီးကာ အဆိုပါမော်တော်ယာဉ်နှင့် ယာဉ်ပေါ်တင်ဆောင်လာသည့် ဝန်ထမ်းများ၏လစာ ငွေကျပ်သိန်း ၂,၆၀၀၊ လက်ကိုင်ဖုန်း ၃ လုံးတို့အား ဓားပြတိုက် လုယက်ယူဆောင်ကာ ရေစကြိုမြို့နယ်၊ ဆင်ကျို့ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

NUG လက်အောက်ခံ PDF အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် NUG အဖွဲ့ထံမှ ငွေကြေးထောက်ပံ့မှုမရရှိခြင်း၊ တော်လှန်ရေးရန်ပုံငွေအမည်ခံ အလှူငွေများကို အလွဲသုံးစားပြုလုပ်ပြီး ပြန်လည်ခွဲဝေပေးမှုမရှိခြင်းတို့ကြောင့် PDF အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုထံမှ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ငွေတောင်းခံခြင်းများ ပြုလုပ်လာသည့်အပြင် ကြီးမားသောရာဇဝတ်မှုဖြစ်သည့် ဓားပြတိုက်လုယက်မှုများအား ပိုမိုပြုလုပ်လာကြောင်း တွေ့ရှိရပါသည်။

အဆိုပါဖြစ်စဉ်တွင် ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။                            

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၂)

  • ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံဝန်ထမ်းများအား လစာပေးရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂,၆၀၀နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား PDF အကြမ်းဖက်သမားများက ဓားပြတိုက် လုယက်ယူဆောင်ခဲ့

Add new comment