မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများလှူဒါန်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုလှူဒါန်းလျက်ရှိရာ ဇူလိုင်လ ၄ ရက်နှင့် ၆ ရက်တို့တွင်-

  • မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်ချစ်မြတ်နိုးသူ စေတနာရှင်အဖွဲ့တို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာ ၁၁ မျိုး၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၂ သိန်း ကျော်ကိုလည်းကောင်း၊
  • ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၊ ကရင်ပြည်နယ်ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ် တေဇညီအစ်ကိုများအဖွဲ့နှင့် MASTER GOLF HPA-AN အဖွဲ့တို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာ ၁၀ မျိုး၊ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၁၆၀ ကိုလည်းကောင်း အရှေ့ တောင်တိုင်းစစ်ဌာနချုပ်သို့ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့။
  • ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း(အငြိမ်းစား)က ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာ ၁၁ မျိုးကို နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ လာရောက်ဂုဏ်ပြုချီးမြှင့်ခဲ့။

 အဆိုပါ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က လက်ခံရယူခဲ့ပြီး အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၂)

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအတွက် တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို ဂုဏ်ပြုချီးမြှင့်ခဲ့။
  • ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က လက်ခံရယူခဲ့ပြီး အလှူ ရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့။

Add new comment