နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022) လေ့ကျင့်ဆောင်ရွက်

တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကာကွယ်ရေးစွမ်းရည် ထက်မြက်မြင့်မားစေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ) လေ့ကျင့်ခန်းများကို အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ မြန်မာ့ရေပိုင်နက် ရခိုင်ကမ်းရိုးတန်း ရေပြင်အတွင်း တပ်မတော်(ရေ)မှ တိုက်ခိုက်ရေးရေငုပ်သင်္ဘောစစ်ရေယာဉ်များဖြစ်ကြသည့် (မင်းရဲသိင်္ခသူ)နှင့် (မင်းရဲကျော်ထင်)အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022)အား လေ့ကျင့်ဆောင်ရွက် လျက်ရှိပါသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022) လေ့ကျင့်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ခန်းဆောင်ရွက်နေသည့် စစ်ရေယာဉ်များအား ကြည့်ရှုစစ်ဆေးရန် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ ရဟတ်ယာဉ်ဖြင့် ဆင်းသက်ရောက်ရှိခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ Sea Shield-2022 ကို လေ့ကျင့်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ရေပြင်သွားစစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် ရဟတ်ယာဉ်များအပါအဝင် ရေပေါ်ရေအောက်ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ပိုင်နက်နယ်မြေအားလုံးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိနေရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည် မှန်သမျှကို ကာကွယ်ရေးအမြင်ဖြင့် ကြိုတင်မျှော်တွေးပြီး သတင်းမပြတ်ဖော်ထုတ်ရန်နှင့် ရရှိလာသည့် သတင်းအချက်အလက်များကိုလည်း အကျိုးရှိရှိအသုံးချနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လေ့ကျင့်ခန်းတွင်ပါဝင်ဆောင်ရွက်မည့် စစ်ရေယာဉ်များမှ ရှေ့နောက်တန်းပုံပြုပုံစံ (Single Line Formation) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုချီတက်မောင်းနှင်အလေးပြုကြပြီးနောက် သံသယဖြစ်ဖွယ် ပြည်ပကုန်သွယ်ရေယာဉ်အား တပ်မတော်(ရေ) အထူး တပ်ဖွဲ့ဝင် အရာရှိ/စစ်သည်များမှ Anchor Launcher အသုံးပြု၍ ရေယာဉ်ပေါ်သို့ တက်ရောက်စီးနင်းရှာဖွေဖမ်းဆီးခြင်း (Visit, Board, Search And Seizure) VBSS လေ့ကျင့်ခန်းကိုလည်းကောင်း၊ ဖရီးဂိတ်စစ်ရေယာဉ်များဖြစ်သည့် (ဆင်ဖြူရှင်) နှင့် (ကျန်စစ်သား) တို့မှ ရေငုပ်သင်္ဘောအား ပူးပေါင်းထောက်လှမ်း ရှာဖွေခြင်းလေ့ကျင့်ခန်း CASEX A-2 အားလည်းကောင်း၊ ရေပြင်ရန်ကာကွယ်ရေးစစ်ဆင်မှုဇုန်အတွင်း ရန်သူ့ရေပြင်ပစ်မှတ်များအား ပစ်ခတ်တိုက်ခိုက်ချေမှုန်းရန်အတွက် မိမိရေယာဉ်အုပ်အား Battle Line Formation သို့ ပြောင်းလဲခုတ်မောင်းခြင်းများ ဆောင်ရွက်ပြီး ရေတပ်အမြောက်ကြီးများ၊ စက်သေနတ်ကြီးများဖြင့် ရန်သူ့ရေပြင်ပစ်မှတ်များအား အပြီးတိုင်ပစ်ခတ်တိုက် ခိုက်ချေမှုန်းခြင်းလေ့ကျင့်ခန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ ရေငုပ်သင်္ဘောရန်ကာကွယ်မှုစစ်ဆင်ရေးနှင့် ရေငုပ်သင်္ဘောစစ်ဆင်ရေးများ လေ့ကျင့်ဆောင်ရွက်ပြီး ရေပေါ်ရေအောက်ရန်သူ့ပစ်မှတ်များအား Torpedo များဖြင့်လည်းကောင်း၊ ရေတပ်အမြောက်ကြီးများဖြင့်လည်းကောင်း၊ စက်သေနတ်ကြီး များဖြင့်လည်းကောင်း လက်တွေ့လေ့ကျင့်ပစ်ခတ်မှုများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေယာဉ် (မုတ္တမ) ပေါ်မှ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  လေ့ကျင့်ခန်းတွင်ပါဝင်သည့် အရာရှိ၊ စစ်သည်များအား အမှာစကားပြောကြားရာတွင် -

  • ရေတပ်လေ့ကျင့်ခန်းများကို ၂၀၀၉ ခုနှစ်တွင် ရေပြင်၊ ဝေဟင် ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းအဖြစ် စတင်လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် တိုးတက်ကောင်းမွန်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းအရှည်သည် မိုင်ပေါင်း ၁,၃၀၀ ခန့်ရှိပြီး ရေပြင်ပိုင်နက်အနေဖြင့် စတုရန်းမိုင်ပေါင်း ၁၄၄,၀၀၀ ကျော်ကျယ်ဝန်းသဖြင့် ကျယ်ပြောလှသည့် ရေပြင်ပိုင်နက်နယ်နိမိတ်ကို စိုးမိုးနိုင်ရန်မှာ တပ်မတော်(ရေ) တစ်ခုတည်းဖြင့် ဆောင်ရွက်၍ရနိုင်မည်မဟုတ်ကြောင်း။
  • တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်ကို အပြည့်အဝကာကွယ်နိုင်ရေး သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) အဖြစ် မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်း။
  • တိုက်စွမ်းအားရှိသည့် ရေတပ်ဖွဲ့ဖြစ်ရန်အတွက် တပ်မတော်(ကြည်း)တွင် မြဲသုံးမြဲ ရှိသကဲ့သို့ တပ်မတော်(ရေ)တွင်လည်း စစ်ရေယာဉ်များအသင့်ဖြစ်ရမည်၊ လက်နက် နှင့် လက်နက်စနစ်များအသင့်ဖြစ်ရမည်၊ ရေတပ်သားများအသင့်ဖြစ်ရမည်ဟူသည့် အသင့်ဖြစ်မှု ၃ ရပ်နှင့်ပြည့်စုံရမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022) ဂုဏ်ပြုအထိမ်းအမှတ်တံဆိပ်အား ပေးအပ်ခဲ့ပါသည်။

နောက်ဆက်တွဲ လေ့ကျင့်ခန်းများအနေဖြင့် တိုက်ပွဲပြီးပြန်လည်သုံးသပ်ခြင်း (Battle Damage Assessment) လေ့ကျင့်ခန်း၊ ပင်လယ်ပြင်ထောက်ပံ့ဖြည့်တင်းခြင်း (RAS) လေ့ကျင့်ခန်း၊ မီးငြိမ်းသတ်ခြင်းနှင့် ပျက်စီးထိန်းလုပ်ငန်းများဆောင်ရွက်ခြင်း (Fire Fighting and Damage Control) လေ့ကျင့်ခန်း၊ ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်ခြင်း(Search and Rescue) လေ့ကျင့်ခန်း၊ ပင်လယ်ပြင်တွဲဆွဲခြင်း(Towing) လေ့ကျင့်ခန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၇-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022) လေ့ကျင့်ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့။
  • နိုင်ငံတော်၏ ပိုင်နက်နယ်မြေအားလုံးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိနေရမည်ဖြစ်၊ ဖြစ်ပေါ်လာနိုင်သည်မှန်သမျှကို ကာကွယ်ရေးအမြင်ဖြင့် ကြိုတင်မျှော်တွေးပြီး သတင်းမပြတ်ဖော်ထုတ်ရန်နှင့် ရရှိ လာသည့် သတင်းအချက်အလက်များကိုလည်း အကျိုးရှိရှိ အသုံးချနိုင်ရမည်ဖြစ်။
  • မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းအရှည်သည် မိုင်ပေါင်း ၁,၃၀၀ ခန့်ရှိပြီး ရေပြင်ပိုင်နက်အနေဖြင့် စတုရန်းမိုင်ပေါင်း ၁၄၄,၀၀၀ ကျော်ကျယ်ဝန်းသဖြင့် ကျယ်ပြောလှသည့် ရေပြင်ပိုင်နက်နယ်နိမိတ်ကို စိုးမိုးနိုင်ရန်မှာ တပ်မတော်(ရေ) တစ်ခုတည်းဖြင့် ဆောင်ရွက်၍ ရနိုင်မည်မဟုတ်။
  • တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေ ဇုန်ကို အပြည့်အဝကာကွယ်နိုင်ရေး သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဖြစ် မျှော်မှန်းဆောင်ရွက်လျက်ရှိ။

Add new comment