(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပုဂံမြို့၌ လက်ခံကျင်းပ

(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆွန်ခွန်၊ လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆလမ်မုဆေ ကိုမာဆစ်၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဝီနိုင်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗူရီသိုင်စွန်းတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

 အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက-

  • ယခုကျင်းပသည့် အစည်းအဝေး၏ခေါင်းစဉ်မှာ “စည်းလုံးညီညွတ်မှုမှသည် ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုဆီသို့” (Solidarity for Peace and Prosp-erity) ဖြစ်သည်နှင့်အညီ လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများကို စည်းလုံးညီညွတ်မှုအခြေခံသည့် စုပေါင်းအားဖြင့် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း။
  • ဒေသတွင်း ကျန်းမာရေးလုံခြုံမှုကဏ္ဍတွင် ကိုဗစ်-၁၉ အပါအဝင် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
  • တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း။
  • မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအောက်၌ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လက်နက်မှောင်ခိုတိုက်ဖျက်ရေးစသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် လိုအပ်ကြောင်း။
  • ရေအရင်းအမြစ်၊ စိုက်ပျိုးရေး၊ စက်မှုကုန်ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်မှု၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုနှင့် ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုလည်း ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးခဲ့။

 ပူးတွဲဥက္ကဋ္ဌတရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက-

  • မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက်ဦးဆောင်မှုကို တိုးမြှင့်သွားရေး။
  • စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရေး၊ အစိမ်းရောင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဆောင်ရွက်သွားရေး၊ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့် သွားရေး။
  • စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အာကာသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် လူစွမ်းအားအရင်းအမြစ် မြှင့်တင်ရေးလုပ်ငန်းစဉ်များလည်း ဆွေးနွေးခဲ့။

အစည်းအဝေးမှ ပူးတွဲကြေညာချက် (Joint Press Communique) ထုတ်ပြန်ခဲ့ပြီး၊ အကောက်အခွန်၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ပြည်သူများအကြား အပြန်အလှန်သင်ယူမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကဏ္ဍများအတွက် သီးခြားထုတ်ပြန်ချက်(၄)ခုကို ထုတ်ပြန်ခဲ့ပါသည်။

အစည်းအဝေးအပြီးတွင် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမြေနေရာအတွင်း၌ တည်ဆောက်ထားသည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) အဆောက်အဦဖွင့်ပွဲအခမ်းအနားသို့ တတ်ရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ပုဂံမြို့ရှိ ညောင်ဦး လေဆိပ်မှ သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရပါသည်။                            

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၇-၂၀၂၂)

  • မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆွန်ခွန်၊ လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆလမ်မုဆေ ကိုမာဆစ်၊ ထိုင်းဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဝီနိုင်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗူရီသိုင်စွန်းတို့ ပါဝင်တက်ရောက်ခဲ့။
  • အစည်းအဝေးအပြီးတွင် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမြေနေရာအတွင်း၌ တည်ဆောက်ထားသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) အဆောက်အဦဖွင့်ပွဲအခမ်းအနားသို့ တတ်ရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ပုဂံမြို့ရှိ ညောင်ဦးလေဆိပ်မှ   သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်ထွက်ခွာခဲ့။

Add new comment