ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပ

ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၃ ရက်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေစည်းခုံစေတီတော် ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံသို့ ၁၉၆၁ ခုနှစ်က လာရောက်ခဲ့စဉ် တန်ဆောင်း ဆောက်လုပ်လှူဒါန်းခဲ့ရာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုအတွက် အမှတ်သင်္ကေတတစ်ခုဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ချူအင်လိုင်းတန်ဆောင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ထင်ဟပ်ပြသရာရောက်စေကြောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အနာဂတ်မျိုးဆက်သစ်များဆီသို့ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို လက်ဆင့်ကမ်းပေးနိုင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ထောင်ရေးဆီသို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် ချူအင်လိုင်းတန်ဆောင်းအတွင်း လှည့်လည်ကြည့်ရှုကာ တန်ဆောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရွှေစည်းခုံစေတီတော်မြတ်အား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။ ထိုမှတစ်ဆင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ သဗ္ဗညုဂူဘုရားသို့ သွားရောက်ဖူးမြော်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် သဗ္ဗညုဘုရား ပြုပြင်ရေးစီမံကိန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ စီမံကိန်းနည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင် မစ္စတာလွီယွမ်ပင်းက သဗ္ဗညုဘုရား ပြုပြင်ရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ ဩဂုတ်လ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ဘုရားပေါင်း ၄၂၅ ဆူထိခိုက်ပျက်စီးခဲ့ရာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် တရုတ်နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် ပြည်နယ်စီမံခန့်ခွဲရေး ပူးပေါင်းအလုပ်အမှုဆောင်အဖွဲ့ကို စေလွှတ်ပြီး မြန်မာနိုင်ငံမှ ပျက်စီးမှု ကြီးမားသည့် ဘုရား ၂၁ ဆူကို လေ့လာစစ်တမ်းကောက်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်တွင် MoU ရေးထိုးခဲ့ကြကာ တရုတ်နိုင်ငံအထောက်အပံ့ဖြင့် သဗ္ဗညုဘုရား ပြုပြင်ရေးစီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

  • ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့။
  • ချူအင်လိုင်းတန်ဆောင်းသည် နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် အနာဂတ်မျိုးဆက်သစ်များဆီသို့ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို လက်ဆင့်ကမ်းပေးနိုင်ပြီး တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ထောင်ရေးဆီသို့ တက်လှမ်းနိုင်မည်ဖြစ်။

Add new comment