ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသရှိ ကျေးရွာများမှပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်၊ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိသဖြင့် တစ်ဖက် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာစကားများဖြင့် ပြန်လည်ဖိတ်ခေါ်ခြင်း၊ ထိုင်း- မြန်မာ နယ်ခြားကော်မတီများမှ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအနက်မှ ဒီဇင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေးနှင့် မေတ္တာလင်းမြိုင် ကျေးရွာတို့တွင် နေထိုင်သူ အမျိုးသား ၂၀၇၆ ဦး၊ အမျိုးသမီး ၂၃၁၂ ဦး၊ စုစုပေါင်း ၄၃၈၈ ဦးတို့သည် ၎င်းတို့နေရပ်သို့ အသီးသီး ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင် ရာတာဝန်ရှိသူများက စနစ်တကျလက်ခံခဲ့ပြီး ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက် အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် အခြားလိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • ဒီဇင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေး နှင့် မေတ္တာလင်းမြိုင် ကျေးရွာ တို့တွင် နေထိုင်သူ အမျိုးသား ၂၀၇၆ ဦး၊ အမျိုးသမီး ၂၃၁၂ ဦး၊ စုစုပေါင်း ၄၃၈၈ ဦး ၎င်းတို့နေရပ်အသီးသီးသို့  ပြန်လည် ဝင်ရောက်လာခဲ့။
  • ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များနှင့် အခြားလိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့။